စစ်တွေ အောက်တိုဘာ ၅
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ် ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်ခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း၊ အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို အောက်တိုဘာ ၅ ရက်က ပုဏ္ဏားကျွန်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက "ကိုဗစ်ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရခိုင်ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ အားလုံး၏ ကြိုးစားအားထုတ်မှု၊ အနစ်နာခံမှုများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများကိုယ်စား များစွာ ကျေးဇူးတင်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့သော စီးပွားရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများကို ဖြစ်နိုင်သမျှ အမြန်ဆုံး ကုစားဆောင်ရွက်ရမည့် အချိန်အခါဖြစ်သည့်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးစားဆောင်ရွက် သွားရမည်ဖြစ်ကြောင်း" ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ် ကျန်းမာရေး ဝန်ထမ်းများအတွက် ဂုဏ်ပြုငွေကျပ် သိန်း ၂၀ နှင့် ဂုဏ်ပြုမှတ်တမ်းအားလည်းကောင်း၊ အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေကျပ် သိန်း ၁၀၀ အားလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများအားလည်းကောင်း ထောက်ပံ့ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ဆရာဝန်ကြီးနှင့် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ အောင်စစ်ထွန်းနှင့် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဦးလှဘော်သူက ကျေးဇူးတင်စကား ပြောကြားသည်။
တင်ထွန်း(ပြန်/ဆက်)