စစ်တွေ   နိုဝင်ဘာ   ၂၄

           

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်း အသင်းအဖွဲ့မှတ်ပုံတင်ခွင့်ပြုချက် ရရှိပြီးသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ထောက်ပံ့ငွေပေးအပ်ပွဲတွင် ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် တိုင်းရင်းသား ကျေးရွာများ၊ တိုင်းရင်းသား ဒေသများ၊ တိုင်းရင်းသား လူငယ်များအတွက် ဦးစီးဌာနများမှ ဆောင်ရွက်ပေးနေသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

           

ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ရခိုင်၊ ခမီ၊ မြို၊ သက်၊ ဒိုင်းနက်(သက္ကမ)၊ မရမာကြီး၊ အရှို(ချင်း)၊ စုမ်းတူ(ချင်း)၊ လေးတူ(ချင်း)၊ လောက်တူ(ချင်း)နှင့် ဥ(ပ်)ပူး(ချင်း) တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းတို့အား ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း အသင်းအဖွဲ့ မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးသော တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုလုပ်ငန်းများ၊  အထွေထွေကိစ္စရပ်များ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အသင်းအဖွဲ့တစ်ဖွဲ့လျှင် ထောက်ပံ့ငွေ ၅ သိန်းနှုန်းဖြင့် အသင်းအဖွဲ့ ၁၁ ဖွဲ့အတွက် ၅၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)