စစ်တွေ ၁၃  ဇွန်

အိန္ဒိယ-မြန်မာချစ်ကြည်ရေးစီမံကိန်းအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ အိန္ဒိယနိုင်ငံအစိုးရမှ လယ်ထွန်စက် ၁၅ စီး၊ စပါးရိတ်သိမ်းခြွလှေ့စက် ၁၅ စီး၊ ကွန်ပျူတာအလုံး ၄၀ နှင့် ဆက်စပ် ပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်းကစစ်တွေမြို့ စစ်တွေ ဆိပ်ကမ်း၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး Mr. Saurabh Kumar က ရခိုင်ပြည်နယ်အတွက် စိုက်ပျိုးရေးကဏ္ဍများဖွံ့ဖြိုးလာစေရန်နှင့် လူငယ်များအကြား နည်းပညာ ကဏ္ဍဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိလာစေရန် ရည်ရွယ်၍ လယ်ထွန်စက်များ၊ ရိတ်သိမ်းခြွလှေ့စက်များ၊ ကွန်ပျူတာများနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံသည်အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီကာလကြာရှည် ချစ်ကြည် ရင်းနှီးစွာနေထိုင်လာခဲ့ကြသည့် နိုင်ငံဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် စိုက်ပျိုးရေးကဏ္ဍနှင့် ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် အမှန်တကယ်လိုအပ်နေသည့် ပစ္စည်းများကို အိန္ဒိယနိုင်ငံအနေဖြင့် နှစ်နိုင်ငံအကျိုးရှေးရှုပြီး ကူညီဆောင်ရွက်ပေးမှုကို ကျေးဇူး တင်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေးကိုအဓိကအားထားရသည့် ပြည်နယ်တစ်ခု ဖြစ်ရာ ယခုပေးအပ်လှူဒါန်းသည့် ပစ္စည်းများကိုအကျိုးရှိရှိအသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

mdn

 

ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ အိန္ဒိယနိုင်ငံသံအမတ်ကြီးက လယ်ထွန်စက် ၁၅ စီး၊ စပါးရိတ်သိမ်းခြွလှေ့စက် ၁၅ စီး၊ ကွန်ပျူတာအလုံး ၄၀ နှင့် ဆက်စပ်ပစ္စည်းများကို ပေးအပ် လှူဒါန်းသည်။

 

mdn

 

ပေးအပ်လှူဒါန်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပြည်နယ်ဝန်ကြီးများဖြစ်ကြသည့် ဦးကျော်အေးသိန်း၊ ဦးကျော်လွင်၊ ဦးအောင်ကျော်ဇံ၊ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်း တို့တက်ရောက်ကြပြီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသမတ်ကြီးနှင့် သံရုံးမှတာဝန်ရှိသူများ၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)မှ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သတင်းနှင့်ဓာတ်ပုံ-ဟန်မင်း