စစ်တွေ စက်တင်ဘာ ၁၀
ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ Kyauk phyu Electric Power Co., Ltd မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ကိရိယာပစ္စည်းများပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လှူဒါန်းပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက “ကိုဗစ်ရောဂါ ဖြစ်ပွားမှုကြောင့် ပြည်နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ လူမှုစီးပွားဘဝ မြင့်မားရေးတို့အတွက် အချိန်မပေးနိုင်ခဲ့ပါကြောင်း၊ ယခု အချိန်တွင် ကိုဗစ်ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသည့်အတွက် ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိပါကြောင်း၊ ကိုဗစ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများကို ပြန်လည် လည်ပတ်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုကဲ့သို့ လှူဒါန်းပေးမှုအတွက် ရခိုင်ပြည်နယ်ရှိ ပြည်သူများ ကိုယ်စား ကျေးဇူးတင်ရှိကြောင်း” ပြောကြားသည်။
ထို့နောက် Kyauk phyu Electric Power Co., Ltd မှ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါက်တာကောင်းမြတ်လင်းက ကျန်းမာရေး စောင့်ရှောက်မှု ကိရိယာများအား လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပေးအပ်လှူဒါန်းရာ ပြည်နယ်ဘဏ္ဍာငွေ၊ လှူဒါန်းငွေရရှိရေးနှင့် ရိက္ခာစုဆောင်းဖြန့်ဝေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ Kyauk phyu Electric Power Co., Ltd မှလှူဒါန်းသည့် ပစ္စည်းများမှာ ငွေကျပ် ၂၇၅၇၂၀၀၀ တန်းဖိုးရှိ Oxygen Concentrator 10L ၁၀ ခု၊ Non Invasive Ventilator တစ်ခု၊ Oxygen Cylinders 40L အခု ၂၀၊ Pulse Oximeter အခု ၃၀တို့ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


