စစ်တွေ ၂၃ ဧပြီ
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ မောင်တောခရိုင်၊ ဘူးသီးတေင်မြို့နယ်နှင့် မောင်တောမြို့နယ် များတွင် မဟာဓာတ်အားလိုင်းမှ ဓာတ်အားပြတ်တောက်နေမှုအား ပြန်လည်ပြုပြင်ပြီး ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ပုံမှန်ဓာတ်အား ဖြန့်ဖြူးပေးလျှက်ရှိကြောင်း စစ်တွေခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
စစ်တွေခရိုင်၊ ရသေ့မြို့နယ်သို့ ဓာတ်အားဖြန့်ဖြူးပေးလျှက်ရှိသော ၆၆ ကေဗီ ဓာတ်အားလိုင်းမှာ B-Phase(Over Current Eartht Fault)ဖြင့် ဓာတ်အားပြတ်တောက်ခဲ့ပြီး နယ်မြေလုံခြုံရေး အခြေအနေကြောင့် လိုင်းအပြစ် ဖြစ်ပွားခြင်းကို ရှာဖွေမဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဓာတ်အားပြတ်တောက်နေမှုအား ဧပြီ ၂၁ ရက်တွင် ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ၊ စစ်တွေခရိုင် လျှပ်စစ်အင်ဂျင်နီယာ၊ ပုဏ္ဏားကျွန်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာနှင့် လိုင်းမှူးရုံး၊ အမ်းမြို့တို့မှ လက်ထောက် အင်ဂျင်နီယာတို့သည် ဓာတ်အားလိုင်းကို လိုက်လံစစ်ဆေးရာ ၆၆ ကေဗီ ပုဏ္ဏားကျွန်း၊ ရသေ့တောင်ဓာတ်အားလိုင်း၏ တာဝါတိုင်အမှတ် ၂၂ နှင့် ၂၃ ကြား ဖက်ကျကျေးရွာအနီး B-Phase Conductor တစ်ချောင်ပြတ်ကျနေကြောင်း စစ်ဆေးသိရှိရသဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို လုပ်ဆောင်နိုင်ခဲ့သည်။
ထို့ကြောင့် ဧပြီ ၂၂ ရက်တွင် ကြိုးတင်ခြင်း၊ ကြိုးဆက်ခြင်းလုပ်ငန်းကို လုပ်ဆောင်ခဲ့ကြပြီး ညနေ ၂ နာရီ ၄၅ မိနစ်တွင် လိုင်းအားလုံး အဆင်ပြေပြုပြင်ပြီးဖြစ်ခြင်းကြောင့် ၎င်းနေ့ညနေပိုင်းတွင် ၆၆ ကေဗီ ပုဏ္ဏားကျွန်း၊ ရသေ့တောင် ဓာတ်အားလိုင်းအား ဓာတ်အားပို့လွှတ်ပေးရာ ဓာတ်အားလက်ခံရရှိသည်။
ဆက်လက်၍ ၆၆ ကေဗီ ရသေ့တောင်၊ ဘူးသီးတောင် ဓာတ်အားလိုင်းအားလည်းကောင်း၊ ဘူးသီးတောင်၊ မောင်တော ဓာတ်အားလိုင်းအား လည်းကောင်း ဓာတ်အားပို့လွှတ်ရာ ဓာတ်အားလက်ခံသဖြင့် ညနေပိုင်းတွင် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် မဟာဓာတ်အားစနစ်မှ ပုံမှန်အတိုင်း ဓာတ်အားပြန်လည် ဖြန့်ဖြူးနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါမြို့နယ်များတွင် ဧပြီ ၂ ရက်မှ စတင်ကာ လျှပ်စစ်ပြတ်တောက်ခဲ့ပြီး လျှပ်စစ်ဖြန့်ဖြူးပေးခြင်းကို ဒီဇယ် ဓာတ်အားပေးစနစ်ဖြင့် အချိန်ပိုင်းသာ ဆောင်ရွက်နိုင်ခဲ့သည်။ ယခုအခါ မဟာဓာတ်အားလိုင်းမှ ၂၄ နာရီပုံမှန် လျှပ်ဓာတ်အား ပြန်လည်ရရှိလာပြီဖြစ်သဖြင့် ၎င်းဒေသရှိ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများမှာ မိမိတို့လုပ်ငန်းများကို ကောင်းမွန်စွာ ပြန်လည်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


