နေပြည်တော်  ဇူလိုင် ၂၁

 

စစ်တွေမြို့၌ ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး မိုခါမုန်တိုင်း ဒဏ်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသရှိ ကျေးရွာများတွင် ပျက်စီးသွားသည့် ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေကြသည့် အဖွဲ့များနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မုန်တိုင်းအလွန်ကာလတွင် ကျေးရွာများရှိ ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အမြန်ဆုံး ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေး အခက်အခဲကြားမှ လာရောက်ကူညီဆောင်ရွက်ပေး ကြသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံနှုန်းများ ပြည့်မီစွာဖြင့် အမြန်ဆုံးပြီးစီးနိုင်ရေး သက်ဆိုင်ရာတာဝန်ခံ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ များနှင့်ပူးပေါင်း၍ ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဂရုစိုက်ဆောင်ရွက်ကြရန် မှာကြားသည်။

 

ထို့နောက် ကျေးရွာများ၌ ဓာတ်အားလိုင်းများ ပြန်လည်တည်ဆောက်နေကြသည့် အဖွဲ့များက လုပ်ငန်း ဆောင်ရွက်မှု မြေပြင်အခြေအနေ၊ အခက်အခဲများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုတို့ကို တင်ပြကြပြီး လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အထွေထွေမန်နေဂျာ၊ ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာနှင့် တာဝန်ရှိသူ များက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသတွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးသွားခဲ့သည့် မြို့နယ်(၁၀)မြို့နယ်ကို ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် ကျေးရွာများသို့ အမြန်ဆုံး ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်း ပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)