နေပြည်တော် ၃၀ ဇန်နဝါရီ
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၁/၂၀၁၉) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ကော်မတီများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ UEHRD စီမံကိန်းသည် ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ငန်းအဖွဲ့ (၁၀)ဖွဲ့ဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး ထိုလုပ်ငန်းအဖွဲ့များ ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း။
UEHRD သည် နိုင်ငံအတွင်းရှိ နိုင်ငံသူ၊ နိုင်ငံသားများ၊ ပြည်ပရောက် နိုင်ငံသားများ၏ စုပေါင်းအား၊ မိတ်ဆွေနိုင်ငံများနှင့် အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဆောင်ရွက်လျက်ရှိရာ ရန်ပုံငွေများထပ်မံရရှိရေးကို ဆက်လက်ကြိုးစား ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ UEHRD ၏ ရန်ပုံငွေသုံးစွဲမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှုအပြင် နိုင်ငံတကာ စစ်ဆေးမှုအဖွဲ့တစ်ဖွဲ့ကို ငှားရမ်းစစ်ဆေးမည်ဖြစ်သဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ UEHRD ၏ လုပ်ငန်းစဉ်များပေါ်တွင် အားလုံးက ရှင်းရှင်းလင်းလင်း သိမြင်သဘောပေါက်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးက ဝိုင်းဝန်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌ(၂) နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် အလေးထားသင့်သည် အချက်များ၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်က UEHRD ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တွဲဖက်အတွင်းရေးမှူး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းက မြေပြင်အခြေအနေများကို ရှင်းလင်းတင်ပြပြီး UEHRD အကြံပေးအဖွဲ့ဝင် ဦးတိုးအောင်၊ သတင်းနှင်ဆက်သွယ်ရေး ဒါရိုက်တာ ဦးကျော်မြိုင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းတို့က လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။
(သတင်းစဉ်)