ဘူးသီးတောင် သြဂုတ် ၅
အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့၏ ကနဦး အစီရင်ခံစာအရ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်၏ ဦးစားပေးစီမံကိန်း (၇) ခု အနက် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂလီဘာသာစကား အသုံးပြုသူများအား မေယု FM ရေဒီယို အစီအစဉ်များကို နားဆင်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိရာ၊ ရခိုင်ပြည်နယ် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘင်္ဂလီဘာသာစကား အသုံးပြုသူများအား The ASEAN-ROK Fund on the Repatriation of Displaced Persons in Rakhine State ရန်ပုံငွေဖြင့် မေယု FM Radio များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းဝေးခန်းမ၊ အနောက်ရပ်ကွက် အထက (၁) ခန်းမနှင့် သပြေကုန်းရပ်ကွက် အလက ခန်းမတို့တွင် ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ဘူးသီးတောင်မြို့နယ် ဉီးစီးမှူး ဒေါ်ဖြူဖြူဝင်းက သတင်းအချက်အလက်မှန်များ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် ဆောင်ရွက်နေမှုများ၊ မေယု FM ရေဒီယို အစီအစဉ်များကို ထုတ်လွှင့်လျက်ရှိသည့် အခြေအနေနှင့် ဖြန့်ဝေပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ရုံးမှ ဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးကျန်အေး၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဘူးသီးတောင် မြိုနယ်အတွင်း ရပ်ကွက်/ ကျေးရွာ (၆၂) အုပ်စုရှိ ဘင်္ဂလီဘာသာ အသုံးပြုသူများအတွက် မေယု FM Radio (၂၈၄၀၀) ကို ဖြန့်ဝေပေးခဲ့ကြသည်။
ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အရ၊ ဘင်္ဂလီ ဘာသာစကား အသုံးပြုသူများအနေဖြင့် မေယု FM အစီအစဉ်များ နားဆင်နိုင်ရန် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် ရေဒီယို အလုံးရေ ၄၅၀၀၀ အား ဖြန့်ဝေ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)


