စစ်တွေ ၂၁ မေ
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော ရေချိုခရုမှတစ်ဆင့် ကူးစက်သော သန်ကောင်ရောဂါ ကာကွယ်ရေးအတွက် ပတ်ဝန်းကျင်သန့်ရှင်းရေး အသိပညာပေး လူထုလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကျော်ထွေးတို့က အဖွင့်အမှာစကား ပြောကြားကြသည်။
ဆက်လက်၍ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က ရခိုင်ပြည်နယ်အတွင်း သန့်ရှင်းရေးပညာပေးအစီအစဉ်များ ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြပြီး ဆောင်ရွက်ရန်လိုအပ်ချက်များကို အကြံပြုဆွေးနွေးတင်ပြသည်။ ထို့နောက် "သန်ကောင်ရောဂါကာကွယ်ရေး သန့်ရှင်းမှုကို အလေးပေး" Photo Essay ကိုပြသသည်။
“ဒီအစီအစဉ်က ရခိုင်ပြည်နယ်အတွင်းမှာ အထူးသဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးတွေကို ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်မယ့် အခမ်းအနားဖြစ်ပါတယ်၊ ကျွန်မတို့က ဒီအခမ်းအနားတစ်ခုတည်းနဲ့တင် ရပ်နားသွားမှာမဟုတ်ဘဲ မြို့နယ်တွေ၊ ကျေးလက် တောရွာတွေအထိ ပညာပေးလှုပ်ရှားဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။ ပထမဆုံး စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ စပြီးဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ တဖြေးဖြေးနဲ့ ရခိုင်ပြည်နယ်တစ်ခုလုံး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားဖို့လည်း ရည်မှန်းထားပါတယ်။ ဒုတိယတစ်ချက်က မနှစ်ကဘဲသိခဲ့ရတဲ့ ရေချိုခရုက တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်၊ ဒီကူးစက်ရောဂါကတော့ ယင်လုံအိမ်သာမသုံးတဲ့အခါ ဖြစ်ပွားမှုနှုန်းက မြန်လည်းမြန်တယ်၊ များလည်းများတယ်။ ဒီရောဂါဖြစ်ပွားမှုနှုန်းကို အခြေပြုပြီး သန့်ရှင်းရေးလုပ်ငန်းတွေကို ဒီထက်ပိုပြီး အရှိန်မြင့်ဆောင်ရွက်ဖို့ စီစဉ်တာဖြစ်ပါတယ်။ ဒီလုပ်ငန်းကိုလုပ်တဲ့အခါ ကျွန်မတို့ဝန်ကြီးဌာန တစ်ခုတည်းမဟုတ်ဘဲ အဓိကတော့ ပြည်နယ်အစိုးရ၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ဒီဒေသမှာရှိတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ၊ Unicef အဖွဲ့ အပါအဝင် ဒီအဖွဲ့တွေရဲ့ ပူးပေါင်းမှု အင်အားနဲ့ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍကလည်း အဓိကအရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ မီဒီယာတွေကတစ်ဆင့် သန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေကို ပြည်သူလူထုဆီကို များနိုင်သလောက် များအောင်ပို့ပေးကြဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မတို့က နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေကို ပေးသွားမှာဖြစ်ပြီး အဓိက အသေးစိတ်ဆောင်ရွက်သွားမှာက ပြည်နယ်ကျန်းမာက ဦးဆောင်ပြီး ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် သူတို့လိုအပ်တာတွေကို ကျွန်မတို့က ချိတ်ဆက်တာတွေ၊ ပံ့ပိုးတာတွေကို လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန(ရုံးချုပ်) ကျန်းမာရေးအသိပညာပေးဌာနခွဲမှ ဒေါက်တာ ဖြူဖြူအေးက ပြောသည်။
“ရခိုင်ပြည်နယ်မှာ အဓိကသုံးမြို့ကို ဦးစားပေးမြှင့်တင်သွားဖို့ဖြစ်ပါတယ်။ ကျန်တဲ့မြို့နယ်တွေကိုလည်း ဆက်လုပ်သွားမှာဖြစ်ပါတယ်။ အဓိကတော့ အသိပညာမြှင့်တင်တာတွေ၊ ယင်လုံအိမ်သာ ဆောက်လုပ်ပေးဖို့အတွက် ကျောင်းတွေမှာ အဓိကထားပြီး ယင်လုံအိမ်သာ သုံးစွဲမှုတွေကို ပညာပေးတာတွေနဲ့ ယင်လုံအိမ်သာစံပြုရှိအောင် ဆောက်လုပ်ပေးသွားပါမယ်။ နောက်တစ်ခုကတော့ ရွာတွေမှာစံပြအနေနဲ့ ကျန်းမာရေးဌာနနဲ့ လူစည်ကားရာနေရာတွေမှာ စံပြယင်လုံအိမ်သာတစ်ခု ဘယ်လိုဆောက်ရတယ်ဆိုတာကို နမူနာပြဆောက်ပြသွားပါမယ်။ ဒီလိုလုပ်ဆောင်တဲ့အခါ ဆရာတို့ ဌာနအပြင် အဓိကပညာရေးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ရေရရှိရေးဌာန၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း စံပြယင်လုံအိမ်သာများကို မြို့နယ်သုံးမြို့နယ်တွင် အလုံးနှစ်ဆယ်ကို စံပြဆောက်လုပ်ပေးပြီး အသိပညာပေးလှုပ်ရှား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ- တင်ထွန်း(ပြန်/ဆက်)