ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပံ့ပိုးပေးနိုင်းရေး လျှပ်စစ်စွမ်းအားကဏ္ဍအား ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည်     

နေပြည်တော်၊  အောက်တိုဘာ  ၁၃ 
    
ရခိုင်ပြည်နယ်အတွင်း တရုတ်-မြန်မာ လျှပ်စစ်စွမ်းအားကဏ္ဍ ပူးပေါင်းဆောင်ရွက် မှု၏ အောင်မြင်မှု မှတ်တိုင်တစ်ခုဖြစ်သည့် ကျောက်ဖြူ ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ စက်စတင်စမ်းသပ် လည်ပတ်နိုင်ခဲ့ပြီး ဖြစ်ရာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊  အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ၊ Eco-tourism လုပ်ငန်း များနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်ရေးအတွက် လျှပ်စစ်စွမ်းအားကဏ္ဍကို ပိုမိုမြှင့်တင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လေအားလျှပ်စစ် အရင်းအမြစ်ကောင်းမွန်သဖြင့် လေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ သူဌေးရေအားလျှပ်စစ်စီမံကိန်း ပြီးစီးပါက နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်နိုင်ရေး စီမံဆောင်ရွက်ရန်၊ နိုင်ငံ့ဝန်ထမ်း ကောင်းများအဖြစ် ကျင့်ကြံဆောင်ရွက်ရန် လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။
    
အောက်တိုဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် စစ်တွေမြို့၊ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာ ရုံး၌ ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲတွင်  ဒုတိယဝန်ကြီးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ယင်းနောက် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုကို တင်ပြရာ ဒုတိယဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်ကို ကြိုတင်တွက်ချက်၍ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားရန်၊ လျှပ်စစ်ဓာတ်အားများကို တရားမဝင် ရယူသုံးစွဲမှုများကြောင့် လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် သစ်သီးခြင်းနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။  

ထို့နောက် ဒုတိယဝန်ကြီးသည် စစ်တွေမြို့နှင့် အနီးပတ် ဝန်းကျင်ဒေသများသို့ ဓာတ်အားဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ၆၆ ကေဗွီ၊   ၁၀ အမ်ဗွီအေ၊ စစ်တွေဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်အန္တရာယ်မဖြစ်ပေါ် စေရေး ပညာပေး၊ သတိပေးခြင်းနှင့် ဓာတ်အားလိုင်းများ တစ်လျှောက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းသွားရန် လိုအပ်ကြောင်း၊ ဓာတ်အားပြတ်တောက်မှု Line Fault နှင့် Line Losses လျော့နည်း ကျဆင်းရေး အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ 
(သတင်းစဉ်)