စစ်တွေ ၁၈ ဇွန်
ရခိုင်ပြည်နယ်အတွင်း သောက်သုံးရေရှားပါးမှုကို ဖြေရှင်းဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ် ၈ ခုတွင် လျှိုပိတ်ဆည် ၁၁ ခုကို အကောင်အထည်ဖော် တည်ဆောက်ပေးခဲ့ကြောင်း ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။

ပြည်နယ်အတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေရရှိရေး၊ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန်၊ ပင်လယ်ရေငန် ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန်၊ သောက်သုံးရေရရှိရေး လုပ်ငန်းများအတွက် ဆည်များ၊ ရေကန်များနှင့် ရေလှောင်တမံများ ပြုပြင်ပေးခြင်း၊ လျှိုပိတ်ဆည်များ တည်ဆောက်ခြင်း၊ အသက်ကယ်ကုန်းများ၊ ရေတံခါးများ တည်ဆောက်ခြင်းနှင့် လယ်သမားတာ(ကာရီ)များ ပြုပြင်တည်ဆောက်ပေးခြင်း လုပ်ငန်းများကို ရခိုင်ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရ ရန်ပုံငွေ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေများဖြင့် နှစ်စဉ်အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ဌာနအနေနဲ့ ပြည်နယ်အတွင်းမှာ မိုးရာသီ ရေကြီးရေလျှံမှု ကာကွယ်ရေးနဲ့ နွေရာသီ သောက်သုံးရေ ရရှိရေးအတွက် လျှိုပိတ်ဆည်တွေ တည်ဆောက်ပေးတယ်။ ဒါ့အပြင် မိုးစပါးစိုက်ပျိုးနိုင်ရေး အတွက် ရေငန်တားတာ တည်ဆောက်ခြင်းတွေ၊ ရေတံခါး တည်ဆောက်ခြင်းတွေ၊ လျှိုပိတ်ဆည် တည်ဆောက် ခြင်းတွေ၊ ရေချိုချောင်းပိတ် လုပ်ငန်းတွေအပြင် ရှိပြီးသား တာတမံတွေ ကြံ့ခိုင်ရေးအတွက်လည်း ထိန်းသိမ်း ပြုပြင်ခြင်းတွေကို ဆောင်ရွက်ပေးနေပါတယ်” ဟု ရခိုင်ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ်သည် တစ်နှစ်လျှင် မိုးရေချိန်လက်မ ၂၀ဝ ခန့် ရွာသွန်းသော်လည်း ရာသီဥတုပြောင်းလဲမှု ဒဏ်ကြောင့် နွေရာသီရောက်တိုင်း မြို့နယ်များတွင် ရေရှားပါးမှု ပြဿနာဖြစ်ပေါ်လျက်ရှိရာ ဒေသခံများအနေဖြင့် မြို့ပေါ်နှင့် ကျေးရွာရေကန်များတွင် ရေခန်းခြောက်မှုကြောင့် အနီးအနားပတ်ဝန်းကျင်မှ နည်းလမ်းမျိုးစုံဖြင့် ရှာဖွေသုံးစွဲနေရခြင်း၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များ၊ မွေးမြူရေး၊ စိုက်ပျိုးရေး လုပ်ကိုင်သူများ အသေးစား စက်မှု လုပ်ငန်းရှင်များနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအတွက် ရေသည် မရှိမဖြစ် လိုအပ်လျက်ရှိခြင်းတို့ကြောင့် ပြည်နယ်အတွင်း လျှိုပိတ်ဆည်များကို အကောင်အထည်ဖော် တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် သောက်သုံးရေရှားပါးမှု အခက်အခဲများ ဖြေရှင်းနိုင်ရန်အတွက် လျှိုပိတ်ဆည်သစ်များကို ပုဏ္ဏားကျွန်းတွင် ၁ ခု၊ ပေါက်တောတွင် ၁ ခု၊ ရသေ့တောင်တွင် ၁ ခု၊ ရမ်းဗြဲတွင် ၂ ခု၊ အမ်းနယ်တွင် ၂ ခု၊ ဂွမြို့နယ်တွင် ၁ ခု၊ ဘူးသီးတောင်မြို့နယ်တွင် ၂ ခုနှင့် မောင်တောမြို့နယ်တွင် ၁ ခုစုစုပေါင်း လျှိုပိတ်ဆည်သစ် ၁၁ ခုကို အကောင်အထည်ဖော် တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- ဟန်မင်း