နေပြည်တော်  ၄  ဧပြီ 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် သဘာဝဘေးနှင့် လူကြောင့်ဖြစ်သော ဘေးဒုက္ခကြုံတွေ့ရသူများကို စားနပ်ရိက္ခာနှင့် အခြားပစ္စည်းများ အပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဘေးသင့်သူများ၏ လိုအပ်ချက်များအရ အချိန်နှင့်တပြေးညီ ထောက်ပံ့ခြင်းကို ဝန်ကြီးဌာနအပြင် ဆက်နွယ်ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ 

 

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှစ၍ တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် နေရပ်စွန့်ခွာ တိမ်းရှောင်နေထိုင်သူများကို လတ်တလော စားဝတ်နေရေး ပြေလည်သက်သာရန် ကူညီ ပံ့ပိုးပေးလျက်ရှိသည်။ 

 

တိုက်ပွဲများဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ် မြို့နယ် (၆)မြို့နယ်ရှိ ယာယီခိုလှုံရာ စခန်း ၁၀၂ ခု၌ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၂ ရက်အထိ တိုက်ပွဲရှောင်အိမ်ထောင်စု ၆၀ဝ၀ ကျော်နှင့်  လူဦးရေ ၂၆၀ဝ၀ ကျော် ရောက်ရှိခိုလှုံခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူးရုံးသည် ပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဘေးသင့်သူများ လက်ဝယ်သို့ဖြစ်စေ၊ အနီးဆုံးစုရပ်သို့ဖြစ်စေ၊ ယာယီခိုလှုံရာစခန်းများမှ တဆင့်ဖြစ်စေ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ခဲ့သည်။

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှ ကွင်းဆင်းထောက်ပံ့မှုအပြင် ပြည်ထောင်စုအဆင့်မှ ကွင်းဆင်းဆောင်ရွက်မှုများအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သောအဖွဲ့များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော  အဖွဲ့များသည်  ၂၀၁၉ ခုနှစ်  ဇန်နဝါရီ၊  ဖေဖော်ဝါရီနှင့်  မတ်လများအတွင်း၌ တိုက်ပွဲရှောင်များထံ ကွင်းဆင်းတွေ့ဆုံ၍ ဆန်ရိက္ခာဖိုး၊ ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် စောင်၊ ပလပ်စတစ်ဖျာနှင့် သေဆုံး/ဒဏ်ရာရ ထောက်ပံ့ကြေးငွေများကို ပံ့ပိုးလျက်ရှိရာ ၂၀၁၉ ခုနှစ် ဧပြီ ၂ ရက်အထိ ငွေကျပ်သိန်းပေါင်း ၄၀ဝ၀ ခန့်တန်ဖိုးရှိ စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ကြေးငွေများ ပံ့ပိုးခဲ့ပြီး အဆိုပါမြို့နယ်များအတွင်း နေထိုင်သူများမှ စားနပ်ရိက္ခာ အခက်အခဲရှိကြောင်း သတင်းပို့လာပါက ထောက်ပံ့ပေးနိုင်ရေးအတွက်လည်း စီစဉ်ထားရှိပြီးဖြစ်သည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ၊ ဖက်ဒရေးရှင်းတို့ပါဝင်သည့် ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement)၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (World Food Programme) တို့ကို ညှိနှိုင်းဆောင်ရွက်လျက် ရှိရာ ဧပြီ ၂ ရက်အထိ ကြက်ခြေနီလှုပ်ရှားမှုအနေဖြင့် တိုက်ပွဲရှောင် လူဦးရေ နှစ်သောင်းခန့်အတွက် စားနပ်ရိက္ခာအပြင် ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် တာပေါ်လင်စ၊ ခြင်ထောင်၊ အိပ်ယာ၊ ကျား/မလုံချည်၊ Family Kit ၊ Hygiene Kit ၊ Kitchen Set များ၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်အနေဖြင့် မင်းပြားမြို့နယ်ရှိ တိုက်ပွဲရှောင် နှစ်ထောင်ကျော်ကို ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် စားနပ်ရိက္ခာများကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။ 
နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်များအား လူသားချင်း စာနာထောက်ထားမှု အကူအညီများကို လိုအပ်ချက်အရ ထောက်ပံ့လျက်ရှိသည့်အပြင် ကြက်ခြေနီလှုပ်ရှားမှု၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့နှင့် ညှိနှိုင်းပေါင်းစပ် ထောက်ပံ့ လျက်ရှိသည်။ 

 

ဒေသတွင်းနေထိုင်သူများအနေဖြင့် ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် ထောက်ပံ့ကူညီမှုရရှိနိုင်ရန် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် ကြက်ခြေနီလှုပ်ရှားမှုအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ရွေ့လျားဆေးပေးခန်းများ ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရာသီအတွက် သီးနှံမျိုးစေ့များ ဖြန့်ဖြူးနိုင်ရန်ပြင်ဆင်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)