နေပြည်တော်    ဇွန်    ၂

 

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍   ယနေ့နံနက်ပိုင်းတွင်   ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘိုးဘွား ရိပ်သာသို့သွားရောက်ကာ ရိပ်သာတွင် နေထိုင်လျက်ရှိသော အဘိုးအဘွားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် ကြသည်။ 

 

ဦးစွာ ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာကော်မတီဥက္ကဋ္ဌက မုန်တိုင်းဝင်ရောက်မှု မဖြစ်ပေါ်သေးခင်အချိန်တွင်  တာဝန်ရှိသူ များ၏ လမ်းညွှန်ချက်အရ အဘိုးအဘွားများအား ဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းပေးမှု အခြေအနေများ၊ မုန်တိုင်းတိုက်ခတ် ပြီးနောက်   ဘိုးဘွားရိပ်သာဝင်းအတွင်း သစ်ပင်/သစ်ကိုင်းများ ပြိုလဲကျိုးကျမှုများ၊ အဆောက် အအုံများ အမိုးလန်ပျက်စီးမှုများကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်  စေတနာ့ဝန်ထမ်းတို့မှပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက်   ဒုတိယဗိုလ်ချုပ်ကြီး   ဖုန်းမြတ်နှင့်အဖွဲ့ဝင်များက   အဘိုးအဘွား   ၃၉   ဦးတို့အား စားသောက်ဖွယ်ရာများ၊ တိုင်းရင်းဆေးဝါးများနှင့် ထောက်ပံ့ငွေများကို  ပေးအပ်လှူဒါန်းရာ  အဘိုး အဘွားများက ဆုတောင်းမေတ္တာစကား ပြန်လည် ပြောကြားသည်။ ထို့ပြင် စစ်တွေတပ်နယ်မှ နယ်မြေခံ ဆေးကုသရေးအဖွဲ့က အထွေထွရောဂါများနှင့် ပတ်သက်၍  ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးကာ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာ များအသင်းချုပ်(MLCA)မှ ချက်ပြုတ်လှူဒါန်းသည့် ဒံပေါက်ထမင်း/ဟင်းလျာဘူးများကို   အဘိုးအဘွား များနှင့် ရိပ်သာဝန်ထမ်းများအတွက်  ပေးအပ်လှူဒါန်းကြသည်။

 

ဆက်လက်၍    စစ်တွေမြို့ မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ကျောင်းတိုက်နှင့် တောင်ရွှေရွာကျောင်းတိုက်များသို့ သွားရောက်၍  ဆရာတော်၊  သံဃာတော် များအား  ဖူးမြော်ကြည်ညိုပြီး  လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ   ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့်အဖွဲ့ဝင် များသည် မုန်တိုင်းသင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်     မိသားစုဝင်များအား   စစ်တွေတပ်နယ်ရှိ မေဃဝတီခန်းမ၌ ရင်းရင်းနှီးနှီး  တွေ့ဆုံအားပေး စကား ပြောကြားကာ  ဆန်၊  ဆီနှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး မိသားစုဝင်များ၏ တင်ပြချက်များ အပေါ်  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                                         

သတင်းစဉ်