စစ်တွေ ၂ မတ်

ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာ ၇၀၂ ရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးရွာနေပြည်သူများဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ထိ ကျေးရွာပေါင်း ၇၀၂ ရွာ ယူနစ်အနေဖြင့် ၆၁၉ ယူနစ် ဆောင်ရွက်လျက်ရှိပြီး တစ်ပြည်နယ်လုံး အတိုင်းအတာအားဖြင့် စီမံကိန်းဖော်ဆောင်ရန် ကျေးရွာ ၃၀ဝ၄ ရွာ ကျန်ရှိနေသေးကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာရွေးချယ်ပုံနှင့် စပ်လျဉ်း၍ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်က “ကျေးရွာ ရွေးချယ်မှုအနေနဲ့ပြောရရင် ဆင်းရဲတဲ့ကျေးရွာဖြစ်ရမယ်၊ လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ ကျေးရွာဖြစ်ရမယ်၊ နယ်မြေအေးချမ်းရမယ်၊ တရားဥပဒေစိုးမိုးရမယ်၊ အိမ်ခြေ ၈၀ အထက်ရှိရမယ်၊ ရွာသူ ရွာသားတွေက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေနဲ့ တစ်နိုင်တစ်ပိုင် လုပ်ငန်းတွေကို ဝါသနာပါရမယ်။ တက်တက်ကြွကြွ ဆောင်ရွက်နိုင်တဲ့ ကျေးရွာဖြစ်ရမယ်။ အဲဒီအချက်အလက်တွေ အပေါ်မှာ မူတည်ပြီးတော့ စီမံကိန်းဆောင်ရွက်မယ့် ကျေးရွာတွေကို ရွေးချယ်တာဖြစ်ပါတယ်” ဟု ပြောသည်။

စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ကျေးရွာရွေးချယ်ပြီးပါက အဆိုပါကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းမှုများ ပြုလုပ်ကြောင်း၊ ကျေးရွာကော်မတီကို ကျေးရွာလူထု၏ ရွေးချယ်မှုဖြင့် ခုနစ်ဦး၊ ကိုးဦး သို့မဟုတ် ၁၁ ဦးဖြင့်ဖွဲ့စည်းပြီး အမျိုးသမီးများ၏ အခန်းကဏ္ဍပါဝင်စေရန်အတွက် ယင်းကော်မတီတွင် အမျိုးသမီးဦးရေ ထက်ဝက်ပါရှိရမည်ဟု သတ်မှတ်ထားကြောင်း၊ ထို့နောက် ကော်မတီအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မတည်ငွေကျပ် သိန်း ၃၀ဝ လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

"အတိုးနှုန်းကတော့ သုံးလတစ်ကြိမ် သို့မဟုတ် ခြောက်လတစ်ကြိမ် ပြန်ဆပ်ရတယ်။ အရင်းကတော့ တစ်နှစ်နေမှ ဆပ်ရတယ်။ တစ်နှစ်ဆိုရင် အတိုးရောအရင်းရော သိန်း ၃၀ဝ ကျော် သွားတာပေါ့။ အဲဒါကိုမှ နောက်နှစ်တစ်ခါထပ်ချေးတယ်။ တချို့ရွာတွေဆို သိန်း ၅၀ဝ၊  ၆၀ဝ နီးပါး ရနေပြီ။ အောင်မြင်တယ်လို့ ပြောလို့ရတယ်။ အရင်းငွေ သိန်း ၃၀ဝ ကနေ အတိုးရလာတဲ့ငွေ တွေထဲက ငါးဆယ်ရာခိုင်နှုန်းကို ကျေးရွာဖွံ့ဖြိုးရေးအတွက် ပြန်သုံးခွင့်ရှိတယ်။ သူတို့ လုပ်ချင်တာတွေကို ရုံးချုပ်တင်ပြပြီး ပြန်လုပ်တယ်။  ကျေးရွာတွေမှာ ကျေးရွာလမ်းတွေ၊ တံတားလေးတွေ၊ ကျေးရွာအတွက် ခန်းမတွေ လုပ်တာရှိတယ်။ ဒါကတော့ ကျေးရွာကပိုင်တဲ့ ပိုက်ဆံဖြစ်သွားတာပေါ့" ဟု ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ဆိုသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံစေရန်နှင့် အာဟာရပြည့်ဝစေရန်၊ လည်ပတ်ရန်ပုံငွေစနစ်တွင် အဖွဲ့မှသဘောတူသော အတိုးထည့်ဝင်၍ တိုးပွားလာသောငွေဖြင့် ကျေးရွာ၏လိုအပ်ချက်နှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်နိုင်ရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်စေရန်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုံ့ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

(ဟန်လင်းနိုင်၊ ရာမည)

 

mdn