နေပြည်တော် ၁၄ ဇန်နဝါရီ

 

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကော်မတီဝင် ဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့က ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ အရေးကြီးသောကဏ္ဍများ  ပြန်လည်သုံးသပ် ညှိနှိုင်းခြင်းကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြန်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီ၏ (၃) နှစ်တာ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အရေးကြီးသော ကဏ္ဍများဖြစ်သည့် နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာ သွားလာခွင့်နှင့် IDP ကိစ္စရပ်များတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ချက်များအပေါ် သုံးသပ်ညှိနှိုင်းရန် လိုအပ်ကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအတွင်း နေထိုင်သူများအနေဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ နိုင်ငံသား စိစစ်မှုခံယူခြင်းနှင့် ရရှိသင့်သည့် အခွင့်အရေးများကို တစ်ပါတည်း ရရှိခံစားနိုင်ရေးသည် အရေးကြီးပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိ ဌာနအဖွဲ့အစည်းများအနေဖြင့် တည်ဆဲဥပဒေနှင့်အညီ မိမိတို့ စိစစ်ဆောင်ရွက်ပေးရန် ရှိသည်များကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း။

 

ယခု အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကာလအတွင်း လက်တွေ့အခြေအနေ၌ လုပ်ငန်းအဆင့်ဆင့်တွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ပူးပေါင်းဖြေရှင်းရန်၊ နည်းလမ်းများရှာဖွေရန် လိုအပ်ကြောင်း၊ ဤလုပ်ငန်းစဉ်များသည် ရေရှည်တွင်လည်း ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်၍ ပြီးစီးရန် အချိန်ကာလ သတ်မှတ်ခြင်းမပြုနိုင်သော်လည်း ပြီးစီးနိုင်သည့် လုပ်ငန်းပမာဏကို သတ်မှတ်၍ ပြီးမြောက်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော်သည့် လုပ်ငန်းရပ်တိုင်းတွင် ဥပဒေအရ ခံစားခွင့်ရှိသူများနှင့် ဒေသတွင်း နေထိုင်သူအားလုံး သဘောပေါက် သိရှိပြီး ပူးပေါင်းဆောင်ရွက်ကြရန် ပညာပေးမှုများ၊ ဆွေးနွေးညှိနှိုင်းမှုများနှင့် ဥပဒေနှင့်အညီ အမှန်တကယ် ခံစားရရှိမှုများ သေချာစေရန် လူမှုသဟဇာတဖြစ်ရေး ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အစိုးရက ဥပဒေနှင့်အညီ ဆောင်ရွက်မှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ပိုမိုစနစ်တကျဖြစ်ပြီး သွက်လက်မြန်ဆန်သော အကောင်အထည်ဖော်မှုများကို ဦးတည်နိုင်ရေး ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ကော်မတီတွဲဖက် အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တည်ဆဲဥပဒေများ၊ အမိန့်ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များ၊ တွေ့ကြုံခဲ့ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန် ကဏ္ဍအလိုက် လိုအပ်သော ဖြည့်ဆည်းပေါင်းစပ်ပေးရန် ကိစ္စများစသည်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်