နေပြည်တော်  ၃  ဇန်နဝါရီ 

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ (၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်မောင်တင်၊ ကော်မတီ တွဲဖက် အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ကော်မတီဝင်ဝန်ကြီး ဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ကော်မတီအနေဖြင့် အကြံပြုချက်များ အကောင်အထည်ဖော်ရေးလုပ်ငန်းများကို သက်ဆိုင် ရာဌာနအလိုက် တာဝန်ယူလျက် စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်းများ အဆင်ပြေအောင်မြင်ထိရောက်စေရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ဆောင်ရွက်ခဲ့ရာ ယခု(၂၁)ကြိမ်မြောက် အစည်း အဝေးအထိ ကျင်းပနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများကို ပွင့်လင်းမြင်သာစွာ ပြည်သူသို့ အစီရင်ခံတင်ပြလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၏ အရင်းခံသည် ဖွံ့ဖြိုးမှုနိမ့်ကျခြင်းနှင့် လူ့အဖွဲ့အစည်းများ အကြား ကာလရှည်ကြာ စွဲမြဲနေသည့်နာကျည်းမှုများ၊ သံသယစိတ်များ အမြင်လွဲမှားမှုများ ဖြစ်ကြောင်း။

အဆိုပါပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနများနှင့် ကော်မတီ အသီးသီးတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက် နေကြသည့်အတွက် တိုးတက်မှုများရရှိခဲ့ပါကြောင်း၊ ပြီးခဲ့သည့် (၂၀)ကြိမ်မြောက် အစည်း ဝေးတွင် အကြံပြုချက်များထဲက ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများကို ဖော်ထုတ်ပြီး လုပ်ငန်းစီမံချက်များ ရေးဆွဲခဲ့ကြပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အဆိုပါလုပ်ငန်း ၏ ကောင်းကျိုးကို ပြည်သူများက ရရှိခံစားနေကြရကြောင်းထုတ်ဖော်ပြော ဆိုခြင်းမရှိပါက အောင်မြင်သည်ဟု မဆိုနိုင်ကြောင်း၊ ထို့ကြောင့်ကော်မတီဝင် ဝန်ကြီးဌာန များအနေဖြင့် အကြံပြုချက်ကဏ္ဍအလိုက် စီမံချက်များရေးဆွဲဆောင်ရွက်ရာတွင် မြေပြင်တွင် အမှန် တကယ် ပြောင်းလဲတိုးတက် လာရေးအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစွာဖြင့် ဆောင်ရွက် ပေးကြရန်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း လက်တွေ့ဆောင်ရွက် နေကြသော ဝန်ထမ်းများနှင့်ပူးပေါင်း၍ ပိုမိုအားစိုက်ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း။

အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းဆောင်ရွက်တိုး တက်မှုနှင့် အခက်အခဲစိန်ခေါ်မှုများစသည့် မြေပြင်အခြေအနေမှန်များကို အချိန်နှင့် တပြေးညီ သိရှိဖြေရှင်းဆောင်ရွက်နိုင်စေရေးအတွက် ဌာနအလိုက် စောင့်ကြည့်လေ့လာခြင်း နှင့် ပြန်လည်ခြုံငုံသုံးသပ်ခြင်း အဖွဲ့များဖွဲ့စည်းလျက်ဆောင်ရွက်သွားကြရန်နှင့် ကော်မတီသို့ ဆောင်ရွက်မှု အခြေအနေများကို စဉ်ဆက်မပြတ်ပေးပို့ကြရန်လိုအပ်ပါကြောင်း၊ ပဋိပက္ခများ ကြောင့် လုပ်ငန်းများဆောင်ရွက်မှုများ နှောင့်နှေးခဲ့ရသော်လည်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို ဖော်ထုတ်ဆောင်ရွက်သွားကြရန် လိုပါကြောင်း၊ လူမှုအသိုင်းအဝိုင်းအကြား ညီညွတ်မှုရှိသည့်နေရာများတွင် Friendly Bazar များတည်ထောင်ပေးခြင်းကဲ့သို့သော လူမှုအသိုင်းအဝိုင်းအကြားပိုမို သဟဇာတဖြစ်ရေး လုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း။

ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ထွက်ပြေး တိမ်းရှောင်ရသူများကိုလည်း လူဦးရေစာရင်းအလိုက် ထောက်ပံ့ဆောင် ရွက်ပေးနေပါ ကြောင်း၊ ဆောင်ရွက်ဆဲ အရှိန်အဟုန်ရစပြုနေပြီဖြစ်သည့် မွေးစာရင်းထုတ် ပေးသည့် လုပ်ငန်းနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ပေးနေမှုများကို ဆက် လက်ဆောင်ရွက်ပေးကြရန်နှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခွင့်အလမ်းများ ဖန်တီး ပေးနေမှုများကို ပိုမိုထိရောက်စွာဆောင်ရွက်ပေးကြရန်လိုပါကြောင်းနှင့် ဆောင်ရွက်ပေး နိုင်မှုများကို မှတ်တမ်းများ ပြုစုထားရှိရန်ဖြစ်ကြောင်း၊ လူမှုသဟဇာတဖြစ်ရေး အတွက် စီမံချက်ဖြင့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

လုပ်ငန်းများဆောင်ရွက်ရာတွင် အစိုးရ၊ လွှတ်တော်နှင့် ပြည်သူလက်တွဲပူးပေါင်း ဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများကို ပါဝင်ဆောင်ရွက်လာ ရေး စည်းရုံး ဆောင်ရွက် ကြရန်လိုပါကြောင်း၊ ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ပြည်တွင်းမှာ သာမက ကမ္ဘာက သိရှိနိုင်စေရေးသတင်းများကို တိုတိုနှင့် ထိထိမိမိဖြန့်ဝေ ဆောင်ရွက်နိုင် စေရေးအတွက် မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ထိထိရောက် ရောက်သတင်း ဖြန့်ဝေနိုင်ရေးနည်းလမ်းများကို ရှာဖွေဖော်ထုတ် ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းများ ယခုထက် ပိုမိုတိုးတက် ဆောင်ရွက်နိုင်ရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးက ကော်မတီ၏ ဆောင်ရွက်မှုတိုးတက်မှုများ ကိုဆွေးနွေးရာတွင် နိုင်ငံသား စိစစ်ရေးနှင့် မွေးစာရင်းထုတ်ပေးရေးအတွက် ရွေ့လျားအဖွဲ့ (Mobile Team)ဖြင့် စေလွှတ် ဆောင်ရွက် အောင်မြင်မှုများ၊ ပညာရေးကဏ္ဍတွင် ပညာသင်ဆုများပေးအပ်နိုင်ရေး ဆောင်ရွက်နေမှုအခြေ အနေများနှင့် Medium Term Projects များနှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ (TWG)တွင် ဆွေးနွေးဆောင်ရွက်ရေး စီစဉ်ဆောင်ရွက်ထား ရှိမှု အခြေအနေများကို ဆွေးနွေးခဲ့သည်။ 

ထို့နောက် ကော်မတီ တွဲဖက်အတွင်း ရေးမှူးနှင့် တက်ရောက်လာကြသော ကော်မတီဝင်များက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး၊ တင်ပြချက်များအပေါ် ကော်မတီဥက္ကဋ္ဌက ညှိနှိုင်း ဆွေးနွေးပြီးအစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)