ရန်ကုန် ၁၇ ဇန်နဝါရီ
ရခိုင်ပြည်နယ်၏ အလှအပပုံရိပ်များကို ဖော်ကျူးပြသမည့် “My Beautiful Rakhine” ဓာတ်ပုံပြိုင်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ဓာတ်ပုံများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၄ ရက်အထိ သတ်မှတ်ထားရာမှ ယခုအခါ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်အထိ လက်ခံတိုးမြှင့်၍ ရွေးချယ်ပေးသွား မည်ဖြစ်ကြောင်း mango media မှ သိရသည်။
ဓာတ်ပုံပြိုင်ပွဲဖြစ်မြောက်ရေးအတွက် mango media မှ ပါဝင်ဆောင်ရွက်သူ မဆုအိန္ဒြေလင်းက “ရခိုင်ပြည်နယ်ရဲ့ သဘာဝအလှတွေ၊ ရှုခင်းတွေ၊ နောက်..ရခိုင်ပြည် နယ်ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို အဓိက ရိုက်ပြရမှာ ဖြစ်တယ်။ ပြိုင်တဲ့အခါ ဓာတ်ပုံ ဆရာမှ မဟုတ်ဘူး၊ ကြိုက်တဲ့သူ ရိုက်လို့ရပါတယ်။ ဖုန်းနဲ့ပဲ ရိုက်ရိုက် ၊ ဒရုန်းကင်မရာ နဲ့ပဲ ရိုက်ရိုက် ရပါတယ်။ ဓာတ်ပုံတော့ ပြင်ခွင့်မရှိပါဘူး။ အားလုံးယှဉ်ပြိုင်နိုင်သလို ပညာရှင် ဝါသနာရှင်ဆိုပြီး အတန်းအစား မခွဲထားပါဘူး ” ဟုပြောသည်။
“My Beautiful Rakhine” ဓာတ်ပုံပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် သည့် ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့ တရားဝင်အသုံးပြု လျက်ရှိသည့် facebook, Instagram အကောင့်များမှ #mybeautifulrakhine, #mpsrakhine ဟု (#)တွဲ၍ မိမိ အကောင့်တွင် Public ဖြင့် တင်၍ ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။ အဆိုပါ ဓာတ်ပုံပြိုင်ပွဲကို မြန်မာနိုင်ငံ ဓာတ်ပုံအသင်းနှင့် mango media တို့မှ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး ပထမဆု ငွေကျပ် (၁၀) သိန်း၊ ဒုတိယဆု ငွေကျပ် (၅) သိန်း၊ တတိယဆု ငွေကျပ် နှစ်သိန်းခွဲ နှင့် နှစ်သိမ့်ဆု (၁၀) ဆုအတွက် ငွေကျပ် တစ်သိန်းစီ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဓာတ်ပုံပြိုင်ပွဲက ဒီဂျစ်တယ်ဆိုတော့ အဓိကပြိုင်ရမှာ ဆိုရှယ်မီဒီယာဖြစ်တဲ့ facebook နဲ့ instagram မှာ ပြိုင်ရမှာ။ အကောင့်တုတွေကို လက်မခံဘူး။ ကိုယ်ပိုင် အကောင့်နဲ့ပြိုင်ရမှာပါ။ နောက် ကိုယ်ရိုက်ခဲ့တဲ့နေရာကို ဖော်ပြပေးရမယ်။ စစ်တွေမှာလား၊ ငပလီမှာလား၊ မြောက်ဦးမှာလားပေါ့။ ဓာတ်ပုံကလည်း အရေအတွက် ကန့်သတ်ချက်မရှိပါဘူး။ ကြိုက်သလောက် ပြိုင်လို့ရပါတယ်။ ဒါကို ကျွန်မတို့က #mybeautifulrakine, #mpsrakhine ဆိုတာ နဲ့ ပြန်ရှာပြီး ရွေးချယ်ပေးမှာပါ” မဆုအိန္ဒြေလင်းက ပြောသည်။
ဓာတ်ပုံပြိုင်ပွဲသည် ရခိုင်ပြည်နယ်တွင် တွေ့မြင်ရနိုင်သော အရာများကို အဓိက ရိုက်ကူးရမည် ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ လူသိများသော Landmark များ၊ ရှုခင်းများ၊ ရိုးရာဓလေ့ယဉ်ကျေးမှုများ၊ လူနေမှုများ ရိုက်ကူးယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
ပြိုင်ပွဲကျင်းပသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ မဆုအိန္ဒြေလင်းက “ရခိုင်ပြည် နယ်ရဲ့ ပုံရိပ်က ကျဆင်းသလို ဖြစ်နေတယ်၊ #rakhine လို့ရှာလိုက်ရင် အဆိုးပုံရိပ် တွေပဲ တက်သလိုဖြစ်နေတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူမသိသေးတာ ရော၊ သိပြီးသား အလှတွေနဲ့ ဓလေ့တွေကို ပြချင်တာပါ။ ဒါကြောင့် ကျွန်မတို့က အဲဒီ ဓာတ်ပုံတွေကို ဝက်ဘ်ဆိုက် မှာလည်းတင်မယ်။ အဓိကကတော့ နိုင်ငံခြားသားတွေ မြင်တဲ့အခါ ရခိုင်ဟာ သူတို့ထင်သလို မဟုတ်ပါလားဆိုတာကို သိစေချင်လို့ပါ” ဟုပြော သည်။
“My Beautiful Rakhine” ဓာတ်ပုံပြိုင်ပွဲတွင် နိုင်ငံတော်၏ မူဝါဒ၊ ဥပဒေနှင့် ငြိစွန်းသောပုံများ၊ မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်သောပုံများ၊ ရခိုင်ပြည်နယ်၏ ယဉ်ကျေးမှု၊ လူနေမှုသဘာဝအလှနှင့် ကောင်းသတင်းကို ထိခိုက်စေနိုင်သော ပုံများ အား ဓာတ်ပုံပြိုင်ပွဲ စိစစ်ရေးအဖွဲ့မှ စဉ်းစားမည် မဟုတ်ကြောင်း မြန်မာနိုင်ငံဓာတ်ပုံအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ယှဉ်ပြိုင်မည့် ဓာတ်ပုံများ ပေါ်တွင်လည်း စာများ၊ logo များ၊ သင်္ကေတများအပါအဝင် မည်သည့် အမှတ်အသားမျိုးမှ ထည့်သွင်းခြင်းမပြူရန် အသိပေးထားသည်။
သတင်း- ညွန့်ကိုကို
