စစ်ထွေ ၊ ဒီဇင်ဘာ ၁၃

    

ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ် ရေထွက်ကုန်ကို နှစ်စဉ်ထုတ်လုပ်ပေးလျက်ရှိသည့် ရခိုင်ပြည်နယ်တွင် ငါး၊ ပုစွန်ရေထွက်ကုန် တင်ပို့လျက်ရှိသည့်နည်းတူ ပြည်ပ ပို့ကုန် အဖြစ် ဈေးကွက်ဝင်ဂဏန်းအပျော့ကို နှစ်စဉ်တင်ပို့လျက်ရှိရာ တစ်နှစ်လျင် ဂဏန်းပျော့တန်ချိန် ၆၀၀ ကျော် တင်ပို့လျက်ရှိသည်။

     

ရခိုင်ပြည်နယ်မှဂဏန်းပျော့များကို အီးယူနိုင်ငံများ၊ အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်နှင့် ဟောင်ကောင်သို့ တင်ပို့လျက်ရှိပြီး ရခိုင်ပြည်နယ်ရှိ ဂဏန်းပျော့ မွေးမြူသော ကုမ္ပဏီများ အနေဖြင့် တစ်လလျှင် ဂဏန်း‌ပျော့ ၁၅ တန်၊ တစ်နှစ်လျှင် တန် ၂၀၀ ခန့်ထွက်ရှိပြီး လှိုင်သာယာစက်မှုဇုန် အအေးခန်းသို့တင်ပို့ကာ အဆင့်မြင့်ထုတ်ပိုးပြီးနောက် အီးယူနှင့်ပြည်ပနိုင်ငံအချို့သို့ တင်ပို့လျက်ရှိသည်။

 

ဂဏန်းပျော့ ၁ ကီလိုလျှင် အမေရိကန်ဒေါ်လာ၇ဒေါ်လာခန့်ရရှိပြီး ဩစတြေးလျ၊ ပြင်သစ်နှင့် ဟောင်ကောင်သို့ ငါးအသားလွှာ၊ ကင်မွန်အကွင်းလိုက်နှင့် ပုစွန်ကြိတ်သားများကို အသင့်စား အကင်အစားအစာအဖြစ် နှစ်လလျှင်တစ်ကြိမ် ကွန်တိန်နာတစ်လုံးစာ တင်ပို့လျက်ရှိသည်။

 

သံတွဲမြို့တွင်ရှိသော ဂဏန်းပျော့ကုမ္ပဏီအနေဖြင့် ပြည်ပပို့ကုန်မှ ၂၀၁၈-၁၉ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ မီလီယံ၊ ၂၀၁၉-၂၀ တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ မီလီယံနှင့် ၂၀၂၀-၂၁ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၆ မီလီယံ ရရှိခဲ့သည်။

    

ဂဏန်းပျော့ကို ပုဏ္ဍားကျွန်းမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့တွင် မွေးမြူထုတ်လုပ်လျက်ရှိပြီး  စက်ရုံတစ်ရုံလျင်လုပ် သား ၂၀၀မှ၄၀၀ ကြားရှိ၍ ဒေသခံပြည်သူ ၁၂၀၀ ကျော် အလုပ်အကိုင် အခွင့်အလမ်း ရရှိလျက်ရှိသည်။

 

လျှပ်စစ်စွမ်းအင်ရရှိပါက တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်၍ ပို့ကုန် အရည်အသွေး မြင့်မားလျက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ပြည်ပဝင်ငွေ ပိုမိုရရှိမည်ဖြစ်သည်။ တန်ဖိုးမြင့် ထုတ်ကုန်ကို ရေထွက်ကုန်ထွက်ရှိရာဒေသတွင် ထုတ်ပိုးတင်ပို့နိုင်ပါက ကုန်ကျစရိတ်သက်သာပြီး စက်ရုံများတိုးချဲ့တည်ဆောက်မှုဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်သည်။

 

ဂဏန်းအမာကို ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ ဘိုကလေး၊ မြောင်မြနှင့် လပ္ပတ္တာမြို့နယ် ရေငန်ဒေသတို့မှ အများဆုံးထွက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး၌ ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့နယ်နှင့် ရခိုင်ပြည်နယ်တို့မှထွက်ရှိ၍ တရုတ်နှင့်ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိသည်။  

    

“ ရခိုင်ပြည်နယ်ဟာ ရေထွက်ကုန်အများဆုံး ထွက်ရှိနေပါတယ်။ လျှပ်စစ်မီး၊ လမ်းပန်း ဆက်သွယ်ရေးနဲ့ သွားလာရေးအဆင်ပြေမယ်ဆိုရင် ဒေသဖွံ့ဖြိုးပြီး အလုပ်အကိုင်အခွင့်အလမ်း များစွာရရှိမယ့် ဒေသပါ။ မြစ်၊ ချောင်းတွေများတဲ့အတွက် လျှပ်စစ်မီး အခက်အခဲရှိတာကြောင့် ကုန်ကြမ်းထွက်ရှိရာ ဒေသမှာ ကုန်ချော ထုတ်လုပ်နိုင်မယ်ဆိုရင်ပြည်ပ ပို့ကုန်ဟာတန်ဖိုးမြင့် ထုတ်ကုန်အဖြစ် တိုက်ရိုက်တင်ပို့နိုင်မှာပါ။

 

လက်ရှိဂဏန်းပျော့ထုတ်လုပ်တဲ့ ကုမ္ပဏီနည်းပေမယ့် ဒေသခံပြည်သူ ၁၂၀၀ ကျော် အလုပ်အကိုင် ရနေပါတယ်။ ဂဏန်းပျော့ကို ဥရောပနိုင်ငံနဲ့ ဂဏန်းအမာကို တရုတ်နဲ့ထိုင်းကို ပို့နေပါတယ်။ တစ်နှစ်ကို ဂဏန်းပျော့တန်ချိန် ၆၀၀ကျော် ဥရောပနိုင်ငံတွေကိုတင်ပို့နေပါတယ်။ ဂဏန်းအမာနဲ့ ငါး/ပုစွန်ကိုတော့ တရုတ်နဲ့ထိုင်းကိုပို့တယ်။ ဒေသမျိုးရင်းရေ သယံဇာတတွေ မျိုးသုဉ်းမှု မရှိအောင်လည်းဆောင်ရွက်နေပါတယ်”ဟု ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှု ဦးသက်ဦးက‌ ပြောကြားသည်။

    

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဂဏန်းပျော့ကို ငါး/ပုစွန်ကဲ့သို့ သားဖောက်သုတေသနလုပ်ငန်း လုပ်ဆောင်လျက်ရှိပြီး စစ်ထွေ၊ ပုဏ္ဍားကျွန်း၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ အမ်းနှင့် မာန်အောင်မြို့နယ်တို့မှထွက်ရှိသော ၈၀ ဂရမ်အရွယ်ဂဏန်းများကို ကုမ္ပဏီများကဝယ်ယူ၍ မွေးကန်များတွင် ၄၅ရက်ခန့်မွေးမြူကာ အရေခွံလဲချိန်တွင် ဂဏန်းပျော့ကိုရယူပြီး သံတွဲအအေးခန်းစက်ရုံနှင့် ရန်ကုန်လှိုင်သာယာစက်မှုဇုန်အအေးခန်းစက်ရုံတွင် ထုပ်ပိုးပြုပြင်ပြီးနောက် ပြည်ပနိုင်ငံများသို့ အအေးခန်းကွန်တိန်နာသင်္ဘောဖြင့် တင်ပို့သည်။ ကုမ္ပဏီတစ်ခုလျင် ဂဏန်းပျော့မွေးကန်အတွင်း ကောင်ရေ ၄သိန်း မှ၅သိန်းထိ မွေးမြူလေ့ရှိပြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဖေဖော်ဝါရီလမှဧပြီလထိ ဂဏန်းမဖမ်းရရာသီအဖြစ် ၃လသတ် မှတ်၍ ဒေသမျိုးရင်းများမျိုးသုဉ်းမှုမရှိစေရန် ထိန်းချုပ်ဆောင်ရွက်လျက်ရှိသည်။

    

နိုင်ငံခြားဝင်ငွေနှစ်စဉ်ရရှိလျက် ဒေသခံတို့၏ အလုပ်အကိုင်အခွင့်အလမ်းရရှိစေသည့် ရခိုင်ပြည်နယ် ဂဏန်းပျော့မွေးမြူ ရေးလုပ်ငန်းမှ ပြည်ပသို့ ဂဏန်းပျော့တန်ချိန်၆၀၀ကျော် နှစ်စဉ်တင်ပို့လျက်ရှိကြောင်း သိရသည်။

 

ညိမ်းသူ ( သတင်းစဉ် )

ဓာတ်ပုံ - ကနူး