စစ်တွေ အောက်တိုဘာ ၁၆
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ယာယီရပ်ဆိုင်ထားသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်လည်ဖွင့်လှစ်ကာ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်း နယ်စပ်ကုန်းစခန်းသို့ သွားရောက်စစ်ဆေးခဲ့ကြသည်။
ထိုသို့သွားရောက်စစ်ဆေးရာတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ရှင်းလင်းဆောင်၌ နယ်စပ်ကုန်သွယ်ရေးစခန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၊ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးနှင့် အတွင်းရေးမှူးတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်အညီ ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကုန်သွယ်ရေးပြုလုပ်နေသည့် သင်္ဘောများ၊ စက်လှေများ၊ လုပ်သားများ၊ ပစ္စည်းများနှင့် ကုန်များအား စိစစ်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို ယာယီရပ်ဆိုင်းခဲ့ရကြောင်း၊ ပို့ကုန်ပစ္စည်းများ ပြန်လည်တင်ပို့နိုင်ရန်၊ ကုန်သည်လုပ်ငန်းရှင်များ လုပ်သာကိုင်သာ ရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ချမှတ်ထားသည့် ညွှန်ကြားချက်များ၊ စည်းကမ်းချက်များနှင့်အညီ ကုန်သွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ကြရန်မှာကြားခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်း၌ ကုန်တင်ကုန်ချ ပြုလုပ်နေကြသည့် သင်္ဘောများနှင့် စက်လှေများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးပြုလုပ်နေသည့် မောင်တောမြို့နယ်၊ ကညင်ချောင်း နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် စစ်တွေမြို့နယ် ရွှေမင်းဂံဆိပ်ကမ်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းတို့အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ယာယီရပ်နားခဲ့ပြီး လက်ရှိတွင် ရခိုင်ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း လျော့နည်းကျဆင်းလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ပြည်နယ်အစိုးရအဖွဲ့မှ အောက်တိုဘာ ၁၃ ရက်တွင် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)