ရခိုင်ပြည်နယ်၌ ထင်ရှားကျော်ကြားသော ဂူဘုရား ကိုးဂူ

အောင်ကြည်မိုး(စစ်တွေ)

မြောက်ဦးခေတ်၌ မင်းဗာဘုရင် နန်းတက်သည့်အခါ ကုသိုလ်တော်အဖြစ် ကျောက်တောင်များကို ဂူထွင်း၍ ဂူဘုရားကိုးခု တည်ထားကိုးကွယ်ခဲ့သည်။ မင်းဗာဘုရင် တည်ထားကိုးကွယ်ခဲ့သော ရခိုင်ပြည်နယ်ရှိ ထင်ရှားသော ဂူဘုရား ကိုးဂူမှာ-

 

mdn

(၁)   တောင်ညိုဂူ

ပေါက်တောမြို့နယ် တောင်ရင်းအရပ်တွင် တည်ရှိသည်။ ပေါက်တောမြို့မှအနောက်ဘက် လေးမိုင်အကွာ ၂၂၄ ပေ မြင့်သော သီးခြားတောင်လွှတ် ကျောက်တောင်ကြီး ဖြစ်သည်။ ပေ ၆၀ အရှည်ရှိသော ကျောက်တစ်လုံးတည်းတွင်ဂူပေါက် ၄၂ ပေါက်ကို ထွင်းထုထားသည်။ ဂူများထဲတွင် ဆင်းတုတော် ကြီး/ငယ် ၅၈ ဆူ ကိန်းဝပ်စံပယ်တော်မူလျက် ရှိနေသည်။ တောင်ညိုဂူအနီးရှိ တောင်းဖူးဘုရားသည်ရခိုင်ပြည်နယ်တွင် ဉာဏ်တော်အကြီးဆုံး ဘုရားထဲတွင် အပါအဝင် ဖြစ်သည်။

 

်

(၂)    ဂူဝဂူ

ပုဏ္ဏားကျွန်းမြို့ အရှေ့ဘက် နှစ်မိုင်ခန့်အကွာ ကုလားတန်မြစ်၏ လက်ဝဲကမ်းရှိတောင်၊ မြောက် တန်းနေသော ကျောက်စွယ်ကို ဂူကျောင်းအဖြစ် မင်းဗာဘုရင်က စတင်တည်ဆောက်ခဲ့သည်။ နှောင်းလူများက ထပ်မံကုသိုလ်ပြုကြသဖြင့် ဂူပေါက် ၁၁ ပေါက်အထိ ဖြစ်လာသည်။ ဂူမျက်နှာစာ အရှည် ၈၃ ပေရှိကာ ဂူလမ်းအရှည်မှာ ၇၄ ပေ ရှိသည်။ အချို့ဂူပေါက်တို့တွင် တံကဲလက်ရာများပါရှိသည်။ မြောက်ဘက်အနီး တောင်ထိပ်ပေါ်တွင် “စမြုံတော်စေတီ” ကိန်းဝပ်နေသည်။ ဂူဝဘုရားပွဲကို ဇန်နဝါရီလ တွင် နှစ်စဉ်နှစ်တိုင်း စည်ကားစွာ ကျင်းပသည်။

(၃)   ကူတောင်ဂူ

ရသေ့တောင်မြို့နယ် ကူတောင်ရွာ၏ မြောက်ဘက်တွင် တည်ရှိသည်။ ဂူပေါက်ဝ များမှာ အရှေ့သို့ မျက်နှာပြုထားသည်။ ဂူမျက်နှာစာတွင် ပန်းနွယ်၊ ပန်းခက်များ၊ ကျေးငှက်သာရကာများနှင့် ဗြဟ္မာတို့က ပူဇော်နေကြပုံများ ထုဆစ်ထားသည်။ ဂူကျောင်းဝ သုံးခုရှိပြီး စုစုပေါင်း ၄၅ ပေမျှ ရှည်လျားသည်။ ထိုင်တော်မှုဘုရား ၃၁ ဆူကိန်းဝပ်လျက်ရှိသည်။ မြောက်ဘက်ဂူမှာ အဓိကကျပြီး ဘုံပိတ်မျက်နှာကြက်နှင့် နံရံကပ်ကျောက်တိုင် သရုပ်ဖော်လက်ရာများ ပါရှိသည်။ မူလကုသိုလ်ရှင်မှာ မင်းဗာကြီးဖြစ်ပြီး ၁၅၅၃ ခုနှစ်တွင် လေးဆူသော ရုပ်ပွားဆင်းတုတော်များကို တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။

 

mdn

(၄)ကျောက်တစ်လုံးဂူ

ကျောက်ဖြူမြို့မှ ၃ မိုင် ၄ ဖာလုံအကွာတွင် တည်ရှိသည်။ ကျောက်စွယ်တစ်ခု၏ မြောက်ဘက်မျက်နှာစာတွင် ဂူပေါက်များထွင်းထု၍ တည်ဆောက်ထားသည်။ မူလက တစ်ဂူတည်းသာ ဖြစ်သော်လည်း နှောင်းကာလတွင် ကုသိုလ်ရှင်များက ကုသိုလ်ပွားယူကြသဖြင့် ဂူပေါက်များလာခြင်း ဖြစ်သည်။ ယခုအချိန် ဂူအရှည်မှာ ၃၉၄ ပေ၊ အမြင့် ၁၅ ပေနှင့် ဂူပေါက် ၅၄ ပေါက် ရှိသည်။ ဗုဒ္ဓဆင်းတုတော် ၁၉၂ ဆူခန့် ကိန်းဝပ်စံပယ်လျက် ရှိနေပါသည်။ မူလကုသိုလ်ရှင်မှာ မင်းဗာဘုရင် ဖြစ်သည်။

(၅)ပိုးရွှီပြင်ဂူ

ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်ကျေးရွာ အနီး ဂူပေါက်နှစ်ပေါက်ရှိ ဂူဘုရား ဖြစ်သည်။ ပိုးရွှီပြင်ဒေသသည် တောဖျားချောင်း၏ လက်ဝဲကမ်း၊ ချောင်းဝမှဝင်လျှင် လေးမိုင်ခန့်အကွာတွင်တည်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။ ရခိုင်မျိုးနွယ်စုဝင် ခမီလူမျိုး အများအပြား နေထိုင်ကြပြီး စီးပွားရေး အချက်အချာကျသည့် ဒေသတစ်ခုဖြစ်သည်။ ရခိုင်သမိုင်းဝင် ဂူကြီးကိုးလုံးထဲတွင် တစ်လုံးအပါ အဝင်ဖြစ်ပြီး ခရစ်သက္ကရာဇ် ၁၅၃၆ ခု အေဒီ(၁၆)ရာစု၌ ရခိုင်ဘုရင် မင်းဗာကြီး တည်ဆောက်ဖောက်လုပ် လှူဒါန်းခဲ့သည့်ဂူဘုရားတစ်ဆူ ဖြစ်သည်။

(၆)အင်တိုင်းဂူ

သံတွဲမြို့နယ် ဆင်ဂေါင်းကျွန်း အင်တိုင်း ရွာတွင် တည်ရှိသည်။ သဘာဝကျောက်တုံးကြီး ကို ထွင်းထုဖန်တီးထားသော ကျောက်လိုဏ်ဂူတစ်ခု ဖြစ်သည်။ ဂူမျက်နှာပြင်အလျား ၁၅ ပေ၊ အမြင့် ၁၃ ပေ ရှိပြီး ဂူပေါက် သုံးပေါက်ဖောက်ထွင်းထားသည်။ ကျောက်ဂူအဝင်ဝ သုံးပေါက်၌ ဂူဝင်ပေါက်တစ်ခုစီ အမြင့်လေးပေ၊ အကျယ် တစ်ပေ၊ ၁၀ လက်မ ရှိကြ သည်။ ဂူပေါက်ဝ မျက်နှာပြင်ကို ရှေးခေတ်ရခိုင်ရိုးရာ စိန္တလင်္ကာရ အနုကျောက်ဆစ် လက်ရာများဖြင့် ဖန်တီးထား၍ အလွန်လက်ရာ မြောက်လှပေ၏။ လိုဏ်ဂူအတွင်း၌ ကျောက်ဆင်းတုတော် သုံးဆူကို ဖူးမြော်နိုင်သည်။ ထိုင်တော်မူ နှစ်ဆူဖြစ်ပြီး ကျန်တစ်ဆူမှာ လျောင်းတော်မူဖြစ်သည်။ ခြေတော်ရာတစ်ဆူကိုလည်း ဖူးတွေ့နိုင်သည်။ ဆင်းတုတော်လက်ရာ အနေအထားမှာ လေးမြို့ခေတ်လက်ရာ ဟု သမိုင်းသုတေသီများက ဆိုထားကြသည်။ ရခိုင်ပြည်နယ်၏ တောင်ပိုင်းဒေသတွင် ရှားပါးသည့်လေးမြို့ခေတ် ကျောက်ထွင်းဂူလက်ရာတစ်ခု ဖြစ်ပါသည်။

(၇) ကြိမ်ခမော်ဂူ

ပေါက်တောမြို့နယ် တောင်ရင်းကျွန်း၏ အနောက်ဘက်ခြမ်း ကြိမ်ခမော်ကျေးရွာတွင် တည်ရှိသည်။ ဤဂူအနီးရှိ တောကျောင်းတွင် “မဟာကျန်” ဆင်းတုတော်တစ်ဆူ ကိန်းဝပ်လျက်ရှိသည်

(၈)ဇီးကိုင်းဂူ

ရသေ့တောင်မြို့နယ် မစဲကျွန်း ၏ အရှေ့တောင်ပိုင်း ဇီးကိုင်းရွာတွင်တည်ရှိသည်။ ဇီးကိုင်းရွာ၏ အနောက်ဘက် တောင်တန်းတွင် မင်းဗာဘုရင်တည်ထားခဲ့ခြင်း ဖြစ်သည်။

(၉)နိုင်ငံတော်ဂူ

ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တောင် ဓာတ်စေတီအနောက်ဘက်ရှိ နိုင်ငံတော်တောင်တန်းတွင် တည်ရှိပြီး ဂူပေါက်တစ်ပေါက်တည်းသာ ရှိသည်။ ရခိုင်ပြည်နယ်ရှိ ဂူဘုရားများကို လေ့လာရခြင်းအားဖြင့် ရှေးရခိုင်လူမျိုးတို့၏ သမိုင်း၊ ယဉ်ကျေးမှု အနုပညာ အဆင့်အတန်း မြင့်မားခဲ့ပုံကိုသိရှိရသလို ရခိုင်လူမျိုးတို့၏ ဗိသုကာ အနုပညာနှင့် ဆောက်လုပ်ရေး နည်းပညာ ခေတ်မီတိုးတက်နေခဲ့ကြောင်းကိုလည်း သိရှိနိုင်စေပါသည်။ ။

ကြေးမုံ