နေပြည်တော်  ၅  မေ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်ရှိ IDPs စခန်းများတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိသည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် IDPs စခန်းများတွင် ခိုလှုံနေထိုင်သူ များအတွက် အခြေခံလိုအပ်ချက်များကို ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းမှ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိရာ ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားချိန်တွင်လည်း IDP စခန်းများ၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ ထိရောက်သော လုပ်ငန်းများဖြစ်စေရေး စနစ်တကျဖြင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်စေရန်အတွက် “စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်း နေရပ်စွန့်ခွာသူများအတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး စီမံချက်”ကိုရေးဆွဲခဲ့ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

စီမံချက်နှင့်အညီ ရခိုင်ပြည်နယ်ရှိ IDPs စခန်းများ၌ မတ် ၂၈ ရက်မှစတင်ကာ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍  သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်း၊ လိုက်နာရမည့် အချက်များကို Hand Speaker, Loudspeaker များအသုံးပြု၍ ထိရောက်သော အသိပညာပေးမှု ဆောင်ရွက်ခြင်း၊ ဆပ်ပြာများဝေငှခြင်းများနှင့် စခန်းများအတွင်း သံသယလူနာ၊ သံသယလူနာနှင့် ထိစပ်ခဲ့သူများရှိပါက လူနာညွှန်းပို့ခြင်း Flow Chart များနှင့် ညွှန်းပို့မည့်နေရာများကို ရေးဆွဲထားပြီး IDP စခန်းများတွင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ထားရှိသည်။

 

ထို့အပြင် IDP စခန်းများအတွက် ပြန်လည်လျှော်ဖွပ်နိုင်သည့် အဝတ်နှာခေါင်းနှင့် ပါးစပ်စည်းများထောက်ပံ့ခြင်း၊ ဆပ်ပြာခဲ/ တောင့်ထောက်ပံ့ခြင်း၊ Hand Gel ထောက်ပံ့ခြင်း၊ လက်ဆေးဘေစင်များ တပ်ဆင်ပေးခြင်း၊ Infrared Thermometer ထောက်ပံ့ခြင်း၊ ပိုးသတ်ဆေးဖျန်းဆေးပုံးနှင့် ပိုးသတ်ဆေးရည်ထုတ်ပေးခြင်း၊ ထုံးအိတ်ပံ့ပိုးခြင်း၊ Face-Shield ထောက်ပံ့ခြင်း၊ စခန်းများတွင် Quarantine ထားရှိရန်လိုအပ်လာပါက အဆောက်အဦ (ယာယီ)ဆောက်လုပ်ရန် စီမံထားခြင်း၊ လိုအပ်ပါက ရိက္ခာထောက်ပံ့ခြင်း၊ Cash-for-Work အစီအစဉ်များ ဆောင်ရွက်ခြင်း လုပ်ငန်းများကိုလည်း စီမံဆောင်ရွက်ထားရှိသည်။

 

ထိုသို့ဆောင်ရွက်လျှက်ရှိရာ မေ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟိုသိုလှောင်ရုံမှ စစ်တွေမြို့သို့ စင်းလုံးငှား မော်တော်ယာဉ်(၂)စီးဖြင့် ထောက်ပံ့ရေးပစ္စည်းများတင်ပို့ခဲ့ရာ ယနေ့တွင် စစ်တွေမြို့သို့ ရောက်ရှိပြီး Surgical Mask (၃၀၀၀၀)၊ အဝတ် Mask (၅၀၀၀)၊ Hand Gel (၃၉၄၆၀)၊ Infrared Thermometer (၁၀၀)၊ Hand Speaker (၁၇၃)ခု၊ နှင့်အသိပညာပေးအသံဖိုင်များပါဝင်သည့်  Memory Stick (၁၆၄)ခုတို့ကို စစ်တွေမြို့ရှိ သက္ကယ်ပြင်၊ မော်သီညာ၊ ဒါးပိုင်၊ ခေါင်းဒုတ်ကာ၊ ဘောဒူဖ(၁)၊ ဘောဒူဖ(၂)၊အုန်းတောကြီး(မြောက်)၊ အုန်းတောကြီး(တောင်)၊ အုန်းတောချေ၊ ဆေးသမားကြီး၊ ဘာဆာရာ၊ သဲချောင်း IDP စခန်းများနှင့် ပေါက်တောမြို့နယ်ရှိ ကြိမ်နီပြင်နှင့် ဆင်တက်မော် IDP စခန်းများသို့ သွားရောက်၍ ထောက်ပံ့မှုများ စတင်ဆောင်ရွက်လျက်ရှိပါသည်။ ကျန်စခန်းများသို့လည်း ဆက်လက် ထောက်ပံ့သွားမည် ဖြစ်သည်။

 

အထူးသဖြင့် စခန်းအတွင်းနေထိုင်သူများ အားလုံးသည် ကိုဗစ်-၁၉ ကူးစက်ပြန့်နှံမှုကို ကာကွယ်ရန် အဝတ်ဖြင့် ချုပ်ထားသော ပါးစပ်နှင့် နှာခေါင်းစည်းများကို မဖြစ်မနေ တပ်ဆင်ထားရန်နှင့် အသုံးပြုရန် နည်းလမ်းများကိုလည်း ပညာပေးမှုများ ပြုလုပ်ခဲ့ကြရာ မိမိအိမ်တွင်းနေထိုင်စဉ်၊ ဈေးဝယ်ထွက်စဉ်၊ ဈေးရောင်းစဉ်နှင့် လမ်းခရီးသွားလာမှု များတွင်ပါ ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုလျက်ရှိကြပြီ ဖြစ်သည်။

 

ရခိုင်ပြည်နယ် IDP စခန်းများတွင် မတ် ၂၈ ရက်မှ မေ ၅ ရက်အထိ ကာလအတွင်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဆပ်ပြာတောင့် (၁၆၃၃၀)၊ Mask (၃၅၄၉၄)ခု၊ လက်ဆေးဘေစင် (၁၂)ခု၊ Hand Sanitizer (၁၆၇၂၇)ဘူး၊ အပူချိန်တိုင်းကိရိယာ (၁၉)ခု၊ Hand Speaker (၁၂)ခုနှင့် Memory Stick (၁၂)ခုတို့အား ထောက်ပံ့ခဲ့ပြီး ဆက်လက်၍ လက်ဆေးဘေစင်နှင့် ဆက်စပ်ပစ္စည်းအစုံ (၂၇၀) ကိုလည်း IDP စခန်းများတွင် အမြန်ဆုံး ဆက်လက်တပ်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်