စစ်တွေ ၂၄ ဇွန်

ရခိုင်ပြည်နယ်အတွင်း လယ်ယာလုပ်ငန်းလုပ်ကိုင်သူ တောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ၈၄ ဘီလီယံကျော် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးအေးသိန်းက ပြောသည်။

ဦးအေးသိန်းက “၂၀၁၉ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးဖို့အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်က ငွေကျပ် ၈၄ ဒသမ ၃၄၂ ဘီလီယံ ကနဦး ရန်ပုံငွေခွင့်ပြုထားပါတယ်။ ခွင့်ပြုပေးထားတဲ့ ရန်ပုံငွေတွေကို မြို့နယ်ဘဏ်ခွဲတွေကနေ မေ ၆ ရက် ကတည်းက ပြည်နယ်အတွင်း လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေကို ထုတ်ချေးပေးနေပါတယ်။ ဒီနေ့အထိ ၂၀ ဒသမ ၈၆၉ ဘီလီယံထုတ်ချေးပေးပြီးဖြစ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်းခန့် ထုတ်ချေးပြီးဖြစ်ပါတယ်။ စက်တင်ဘာလကုန် နောက်ဆုံးထားပြီး ထုတ်ချေးပေးသွားမှာပါ” ဟုပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရခိုင်ပြည်နယ်ရှိ တောင်သူများကို တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် တစ်ဦးလျှင် အများဆုံး ၁၀ ဧက၊ ၁၅ သိန်းအထိ ထုတ်ချေးပေးနေခြင်းဖြစ်ပြီး ယနေ့အထိ ကျေးရွာအုပ်စု ၄၁၁ အုပ်စုမှ တောင်သူ ၂၇၈၅၅ ဦးအတွက် ချေးငွေကျပ် ၂၀ ဒသမ ၈၆၇ ဘီလီယံနီးပါး ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။ ချေးငွေထုတ်ချေးပေးရာတွင် ယမန်နှစ်က ချေးငွေကြေပြီးသူများကိုသာ ချေးငွေစည်းကမ်းချက်အရ ထုတ်ချေးပေးနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယမန်နှစ်က ပြည်နယ်အတွင်းရှိ ၁၇ မြို့နယ်မှ တောင်သူတစ်သိန်းနှစ်သောင်းခန့်ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၈၄ ဒသမ ၃၄၂ ဘီလီယံထုတ်ချေးပေးခဲ့ပြီး ချေးငွေပြန်လည်ရရှိမှုမှာ ယခုအချိန်ထိ ၅၁ ဒသမ ၈၁ ဘီလီယံ ရာခိုင်နှုန်းအားဖြင့် ၆၁ ဒသမ ၄၃ ရာခိုင်နှုန်း ရရှိထားပြီးဖြစ်ကြောင်း ဦးအေးသိန်းက ပြောသည်။

မိုးရာသီ စိုက်ပျိုးစရိတ်ချေးယူနိုင်ရန် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) နှင့် ကျေးရွာအုပ်စုတွင် နေထိုင်ကြောင်း အထောက်အထားပြသနိုင်ရမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း မိုးစပါးစိုက်ဧကအများဆုံးမြို့များမှာ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များဖြစ်ကြောင်း သိရသည်။ 

ဟန်မင်း