နေပြည်တော် ၁၉ ဇူလိုင်
ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့နှင့်ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူများအား ကုလသမဂ္ဂအဖွဲ့အစည်းများမှ အကူအညီပေးရန် အဆိုပြုမှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်က ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်ရှိသော တိုက်ပွဲရှောင်ပြည်သူများကို ကုလသမဂ္ဂအဖွဲ့အစည်းများမှ နိုင်ငံတော်အစိုးရ ဦးဆောင်မှုဖြင့် ကူညီလိုကြောင်းတင်ပြခဲ့မှုနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့်ပေါက်တောမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများကို ထောက်ပံ့ရန် တင်ပြမှုများနှင့်စပ်လျဉ်း၍ မည်သို့လုပ်ငန်းဆောင်ရွက် ရန်လျာထားသည်တို့ကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရန်ဖြစ်ကြောင်း၊ တိုက်ပွဲများကြောင့် ယာယီရွှေ့ပြောင်းနေထိုင်ရသူ အိမ်ထောင်စု ၁၆၀ဝ၀ ကျော်၊ လူဦးရေ ၆၅၀ဝ၀ ကျော်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၀ ရက်အထိ ငွေကျပ်သန်း ၁၁၀ဝ ကျော်တန်ဖိုးရှိ စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေး ပစ္စည်းနှင့် ထောက်ပံ့ငွေများကိုကူညီပံ့ပိုးခဲ့ပြီး ဖြစ်ပါကြောင်း။
ပြည်နယ်နှင့်အဖွဲ့အစည်းများ၊ စေတနာရှင်များကလည်း ထောက်ပံ့လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် စခန်းအသီးသီး၌ လူဦးရေ (၂၂၀ဝ၀)ခန့် နေထိုင်ဆဲဖြစ်ကာ လိုအပ်ချက်များအား မိမိတို့အနေဖြင့် စိစစ်ထောက်ပံ့လျက်ရှိပါကြောင်း၊ Red Cross Movement လှုပ်ရှားမှု၊ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့တို့အနေဖြင့်လည်း စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်း၊ ရွေ့လျားဆေးပေးခန်းများဖွင့်လှစ်ပေးခြင်း၊ စိုက်ပျိုးရာသီအတွက် မျိုးစေ့နှင့်ဓာတ်မြေသြဇာ ထောက်ပံ့ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုလသမဂ္ဂနှင့်အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှပူးပေါင်းပါဝင် ခွင့်တင်ပြခြင်းကိုလည်း အလေးထားစဉ်းစားသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကုလသမဂ္ဂအဖွဲ့အစည်း အသီးသီးမှကိုယ်စားလှယ်များက အစားအသောက်လုံခြုံမှု၊ အာဟာရ၊ အမိုးအကာနှင့် ကယ်ဆယ်ရေးပစ္စည်းထောက်ပံ့မှု၊ ပညာရေး၊ ကျန်းမာရေး၊ ရေနှင့်သန့်ရှင်းရေး၊ ထိခိုက် လွယ်သူများအား ကာကွယ်စောက်ရှောက်ရေး ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ရန် လျာထားမှု၊ နိုင်ငံတော်အစိုးရနှင့်ပူးပေါင်းလိုသည့် အခြေအနေနှင့်လက်ရှိဆောင်ရွက် နေမှုများ၊ လူသားချင်းစာနာမှုလုပ်ငန်းများအတွက် ကုလသမဂ္ဂအရေးပေါ်တုန့်ပြန်ရေး ရန်ပုံငွေ နှင့်အခြားရန်ပုံငွေများ တောင်းခံထားရှိမှုတို့ကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တက်ရောက်လာသည့်ဌာနဆိုင်ရာ ကိုယ်စားလှယ်များက ဝန်ကြီးဌာန၊ ဦးစီးဌာနအလိုက် ဦးစားပေးအစီအစဉ်ဖြင့်လုပ်ငန်းဆောင်ရွက်မှု၊ ကဏ္ဍအလိုက်အဆိုပြု တင်ပြမှုများနှင့်စပ်လျဉ်းသည့် သဘောထားအမြင်များကို ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


