နေပြည်တော် ၂၇ ဇူလိုင်
ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံက ပူးပေါင်းဆောင်ရွက် နိုင်ရေးနှင့်စပ်လျဉ်း၍ တတိယအကြိမ် အဆင့်မြင့်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အာဆီယံအတွင်းရေးမှူးချုပ် Dato Lim Jock Hoi တို့က အဖွင့်အမှာစကား ပြောကြားကြသည်။
အစည်းအဝေး ပူးတွဲသဘာပတိဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကိုဗစ်-၁၉ ကြောင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်း အားထုတ်ရာတွင် အခက်အခဲများကို ရင်ဆိုင်နေကြရသော်လည်း ကျော်လွှားအောင်မြင်နိုင်ရန် ညီညွှတ်သော အင်အားဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယမန်နှစ် ဒုတိယအကြိမ် အဆင့်မြင့်ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည့်အချိန်မှ လက်ရှိအချိန်အထိ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးများ ကျင်းပနိုင်သကဲ့သို့ ကနဦး လိုအပ်ချက်ဆန်းစစ်လေ့လာမှုအရ အကြံပြုချက်များကို အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ ပြုနိုင်မည့် ASEAN Ad-Hoc Support Team ကိုဖွဲ့စည်းနိုင်ခြင်းနှင့် ဦးစားပေးစီမံကိန်းများကို အပြီးသတ် ရေးဆွဲနိုင်ခြင်းတို့သည် ရှေ့ဆက်လုပ်ငန်းစဉ်များအတွက် များစွာအရေးပါပါကြောင်း၊ ထို့ပြင် အာဆီယံအတွင်းရေးမှူး ချုပ်ရုံးနှင့် AHA Centre တို့၏ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာအစိုးရသည် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့် ကနဦး လိုအပ်ချက်ဆန်းစစ် လေ့လာမှုများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားမြို့ရှိ နေရပ်စွန့်ခွာသူများထံသို့ (၂)ကြိမ်တိုင်တိုင်သွားရောက်မျှဝေ နိုင်ခဲ့ပါကြောင်း၊ ဆက်လက်၍ UNHCR ၊ UNDP တို့နှင့်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာအရ လုပ်ငန်းများကို ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တချိန်တည်းမှာပင် နေရပ်စွန့်ခွာသူများ အား ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများပိတ်သိမ်းရေးအတွက် ဆက်စပ်ပတ်သက်သူ များ ပါဝင်သည့် ညှိနှိုင်းအစည်းအဝေးများနှင့် ရပ်ရွာလူထုဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ပါကြောင်း။
ထို့ပြင် ရခိုင်ပြည်နယ်မှ လူငယ်များအား အသက်မွေးဝမ်းကျောင်းသင်တန်းများ ပေးနိုင်ရေးအတွက် UEHRD မှတဆင့် စင်ကာပူနိုင်ငံ အခြေစိုက် Asia Philanthropy Circle (APC) နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ COVID-19 နှင့်စပ်လျဉ်း၍ မိမိတို့ဝန်ကြီးဌာနက IDP စခန်းများနှင့် ယာယီနေရပ် စွန့်ခွာသည့်နေရာများတွင် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများကိုလည်း တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် လက်ရှိကာလအတွင်း IDP များနှင့် ယာယီနေရပ်စွန့်ခွာရသူများကို စားနပ်ရိက္ခာပေးအပ်နိုင်ရေးအတွက် WFP ၊ ICRC တို့နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အပြင် (၃၆) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် နိုင်ငံခေါင်းဆောင်များက ရခိုင်ပြည်နယ်အတွင်း လူမှုအသိုင်းအဝိုင်းများအကြား သဟဇာတ ဖြစ်စေရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံ အားပေးခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးတွင် မြန်မာအစိုးရနှင့် အာဆီယံနိုင်ငံများက ပူးပေါင်းဆောင်ရွက်ကြ သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပူးတွဲသဘာပတိဖြစ်သည့် အာဆီယံအတွင်းရေးမှူးချုပ်က အာဆီယံအနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်း၍ ကနဦးဆန်းစစ်ချက် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် အရေးပါသည့် ခြေလှမ်းတစ်ခုဖြစ်ပါကြောင်း၊ ဆန်းစစ်ချက်ပါ အကြံပြုချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း ဆက်လက်ပံ့ပိုးပေးမည် ဖြစ်ပါကြောင်း၊ ဦးစားပေးစီမံကိန်း(၇)ခုအပြင် ရခိုင်ပြည်နယ်အတွက် အရေးပါသည့် အခြားသောစီမံကိန်းများ ကိုလည်း ဖော်ထုတ်ဆွေးနွေး၍ အကောင်အထည်ဖော်နိုင်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ထိန်းချုပ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင်လည်း အာဆီယံ၏ လူသားချင်းစာနာမှု အကူအညီပေးခြင်းဆိုင်ရာ အရေးပေါ်ထောက်ပံ့ ပို့ဆောင်ရေးစနစ်မှတစ်ဆင့် လိုအပ်သည်များကိုပံ့ပိုးပေးရန်လည်း အသင့်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အာဆီယံ-မြန်မာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထင်သာမြင်သာရှိစေရန်နှင့် အလေးထား ပူးပေါင်းဆောင်ရွက်ရန် အကြီးအကဲများကလည်း လမ်းညွှန်ထားပါကြောင်း၊ သို့မှသာ အာဆီယံနှင့် မြန်မာတို့၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို ကမ္ဘာကလည်း သိမြင်နိုင်မည်ဖြစ်ပါကြောင်း၊ UNDP, UNHCR တို့နှင့်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာကိုလည်း နောက်ထပ်(၁)နှစ်သက်တမ်းတိုးထားပြီး ကျေးရွာများသို့ ကွင်းဆင်းလေ့လာမှုများနှင့် သိသာစွာအကျိုးရှိနိုင်မည့် စီမံကိန်းများကို ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ ရှေ့ပြေးစီမံကိန်း အကောင်အထည်ဖော် မည့် ကျေးရွာများတွင် နေအိမ်များဆောက်လုပ်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းများအတွက်လည်း ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးနှင့် ဆက်လက်ဆွေးနွေး ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ လူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစေမည့် အကြံပြုချက်များနှင့် ဆွေးနွေးမှုများကို ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHA Centre ၊ Ad Hoc Support Team နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့က ဦးစားပေးစီမံကိန်းများ ဆောင်ရွက်တိုးတက်မှု အခြေအနေ၊ ရန်ပုံငွေရရှိမှု၊ ပြီးပြည့်စုံသည့် ဆန်းစစ်ချက်ဆောင်ရွက်နိုင်ရေး၊ ပြည်တွင်းစွမ်းဆောင် ရည်မြှင့်တင်ရေးဆိုင်ရာ စီမံကိန်းအကောင်အထည်ဖော် တိုးတက်မှု၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် UEHRD က ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများ၊ အာဆီယံနှင့် ထပ်မံပူးပေါင်းဆောင်ရွက်နိုင်ရန် အလားအလာရှိသည့် လုပ်ငန်းနယ်ပယ်အသစ်များနှင့် ဦးစားပေး စီမံချက်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တတိယအကြိမ် အဆင့်မြင့်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ UEHRD ကော်မတီအဖွဲ့ဝင်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ အတွင်းရေးမှူးချုပ်၊ ဒုတိယအတွင်းရေးမှူးချုပ်၊ AHA Centre မှ အမှုဆောင် ညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


