နေပြည်တော် ၁၃ စက်တင်ဘာ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ မေးမြန်းသည့် “ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်စခန်းများတွင် ခိုလှုံနေသည့် တိုက်ပွဲရှောင်တိုင်းရင်းသားများ နေရပ်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချ နေထိုင်နိုင်ရေး မည်သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း”နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းခဲ့ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြန်လည်ဖြေကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့တို့၏ ဖြေကြားချက်များကို ပေါင်းစပ်ဖြေကြားသွားမည်ဖြစ်ပါကြောင်း။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် AA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားလာသဖြင့် ဒေသခံကျေးရွာများနေ ပြည်သူများမှာ ကျေးရွာများတွင် မနေရဲတော့ဘဲ တိုက်ပွဲရှောင်စခန်းများတွင် တိမ်းရှောင်လျက်ရှိရာ (၈-၉-၂၀၁၉)ရက်နေ့အထိ မြို့နယ် (၈)မြို့နယ်တွင် တိုက်ပွဲရှောင်စခန်း (၁၁၄)ခု၊ အိမ်ထောင်စု (၇၁၆၈)စု၊ လူဦးရေ(၂၉၉၅၀)ဦး ရှိသည်ကို တွေ့ရှိရပါကြောင်း။

တိုက်ပွဲရှောင်ပြည်သူများအတွက် ပြည်ထောင်စုဝန်ကြီးခရီးစဉ် (၄)ကြိမ်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ခရီးစဉ်မှတစ်ဆင့် (၂)ကြိမ် သွားရောက်၍ ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ခြင်း၊ ကယ်ဆယ် ရေးအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်းတို့ ဆောင်ရွက်ခဲ့ရာ၊ ဆန်ရိက္ခာဘိုးငွေ စုစုပေါင်း ကျပ်သိန်း(၁၂၆၈၄.၂၇)၊ ကယ်ဆယ်ရေးအသုံးအဆောင်ပစ္စည်းများ တန်ဖိုးငွေကျပ်သိန်း (၁၃၂၇.၈၀)၊ ဆီ၊ ပဲ၊ ဆား စသည့်အခြေခံစားသောက်ကုန် တန်ဖိုးငွေကျပ်သိန်း (၂၅၃.၃၆၄)၊ သေဆုံး၊ ဒဏ်ရာရ ထောက်ပံ့ခြင်း ကျပ်သိန်း(၂၈၀)၊ သံဃာ၊ ဘိုးဘွားများနှင့် ကလေးငယ်များအား ထောက်ပံ့ခြင်း ကျပ်သိန်း (၃.၂)၊ စုစုပေါင်းငွေ ကျပ်သိန်း (၁၄၅၄၈.၆၄) တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း။

ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့ (Red Cross Movement-RCM)က ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့အထိ တိုက်ပွဲရှောင် အိမ်ထောင်စု (၇၂၅၅)စု၊ လူဦးရေ (၂၇၀၉၇)ဦးအတွက် ထောက်ပံ့ပေးခဲ့ပြီး ရွေ့လျားဆေးပေးခန်းများ ဖွင့်လှစ်ခြင်း၊ မျိုးစေ့နှင့်ဓာတ်မြေဩဇာ ဖြန့်ချိခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့အထိ တိုက်ပွဲရှောင်လူဦးရေ (၇၄၀၉)ဦးအတွက် စားနပ်ရိက္ခာ (၁)လစာ (ဆန်၊ ဆီ၊ ဆား၊ ပဲ) (၁၀၈.၄၅၅) မက်ထရစ်တန်ကို ထောက်ပံ့ပေးခဲ့ပြီး အခြားလိုအပ်သောနေရာများ အတွက် ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။

အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းထားသော ဆန်များမှ ကျန်ရှိနေသော ဆန်တန်ချိန် နှစ်ရာ့ငါးဆယ်(၆၂၅၀- အိတ်)ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ပေးပို့ခဲ့ရာ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်မြို့နယ်များရှိ တိုက်ပွဲရှောင်ပြည်သူများအား ဖြန့်ဝေထောက်ပံ့ပြီးဖြစ်ပါကြောင်း။

အိန္ဒိယနိုင်ငံအစိုးရမှလည်း ထောက်ပံ့ရေးပစ္စည်းများလှူဒါန်းလိုခြင်းအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ၂၀၁၉ခုနှစ်၊ ဩဂုတ်လ (၁၅)ရက်နေ့တွင် ဆက်သွယ်ညှိနှိုင်းလာမှုအရ မိမိတို့ ဝန်ကြီးဌာနမှ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တိုက်ပွဲရှောင်ပြည်သူဦးရေ ၅၀ဝဝဝ အတွက် ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း နေရပ်စွန့်ခွာသူများအတွက် လူသားချင်းစာနာမှုလုပ်ငန်းများအတွက် ကုလသမဂ္ဂအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေနှင့် အခြား ရန်ပုံငွေများမှ တောင်းခံထားရှိမှုတို့ကို ဆွေးနွေးတင်ပြထားရှိပြီး ထောက်ပံ့မှုအခြေအနေများကို သက်ဆိုင်ရာဌာနများနှင့် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့်လည်း ယာယီခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူများထဲမှ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးရွယ်အို (၅၀)ဦးတို့ကို လူမှုရေးပင်စင်များ ခံစားခွင့်ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးမှ စတင်ခဲ့သော ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက် (၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း(Maternal and Child Cash Transfer-MCCT)အစီအစဉ်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် စတုတ္ထ (၃)လပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)အတွက် ထောက်ပံ့ကြေးငွေများကို (၄.၉.၂၀၁၉)ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း။

လူမှုဝန်ထမ်းဦးစီးဌာနမှ တိုက်ပွဲရှောင်ကလေးငယ်များအတွက် ကလေးပျော်နေရာများကို ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်အတွင်း ပေါက်တောမြို့နယ်တွင် (၂)ခု၊ မောင်တောမြို့နယ်တွင် (၁)ခု၊ ရသေ့တောင်မြို့နယ်တွင် (၁)ခု၊ ဘူးသီးတောင်မြို့နယ်တွင် (၁)ခု၊ စုစုပေါင်း နေရာ(၅)ခုအား ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် အတွင်း လိုအပ်သည့်နေရာများတွင် (၂၀)ခု ဖွင့်လှစ်ထောက်ပံ့ရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း။

လက်ရှိတည်ငြိမ်မှုရှိသော ကျေးရွာအချို့တွင် အခြေခံစက်ချုပ်သင်တန်းများကို (၇.၂.၂၀၁၉)မှ (၇.၆.၂၀၁၉)အတွင်း လူမှုဝန်ထမ်းဦးစီးဌာနက ကျေးရွာ(၆)ရွာတွင် အမျိုးသမီး (၁၃၅)ဦးအား သင်ကြားပေးခဲ့ပါကြောင်း၊ အိမ်တွင်းမှုသက်မွေးပညာများကိုလည်း (၁.၁.၂၀၁၉)မှ (၈.၈.၂၀၁၉) အတွင်း အမျိုးသမီး (၁၁၅)ဦးအား စစ်တွေ အိမ်တွင်းမှုကျောင်းတွင် အပ်ချုပ်သင်တန်း၊ အလှပြင်သင်တန်းနှင့် မုန့်လုပ်သင်တန်းများ သင်ကြားပေးခဲ့ပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင် မြို့နယ်ပေါင်း (၇)ခုရှိ တိုက်ပွဲရှောင်စခန်းပေါင်း (၅၃)ခုတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၉၂)ဦး သင်ကြားလျက်ရှိပါကြောင်း၊ ၎င်းတို့နေထိုင်သည့် စခန်းနှင့် နီးကပ်စွာ တည်ရှိကြသည့် ကျောင်းများတွင် တက်ရောက်သင်ကြားခွင့်ရရှိအောင် ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောက်လုပ်နေသော ယာယီစခန်းများနှင့် အနီးဆုံးကျောင်းတွင် ဝင်ဆံ့ပါက ၎င်းကျောင်းများတွင် သင်ကြားပေးသွားမည်ဖြစ်ပြီး ဝင်ဆံ့မှုမရှိပါက ယာယီ ကျောင်းဆောင်များဆောက်လုပ်၍ သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် တိုက်ပွဲရှောင် စခန်းများရှိ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုပါ ကုသပေးနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်၊ မေလ (၂၇)နှင့် (၂၈)ရက်နေ့များတွင် ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၌ ရခိုင်ပြည်နယ် (၁၇)မြို့နယ် ကျန်းမာရေးဌာနများမှ သင်ကြားရေးအဖွဲ့ဝင်များအား Psychological First Aid (TOT) Training ကို ဆောင်ရွက်ခဲ့ပြီး မြို့နယ်များတွင် ဆက်လက်၍ ဆင့်ပွားသင်တန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေထိုင်သူများကို ယာယီခိုလှုံရာစခန်းများ ဆောက်လုပ်ပေးရန် လိုအပ်သည့်အတွက် စနစ်တကျဆောင်ရွက်ရန် အဆောက်အဦ ဆောက်လုပ်မှုနှင့် စီမံခန့်ခွဲမှု၊ ကျန်းမာရေး၊ ပညာရေး၊ ရေနှင့်သန့်ရှင်းရေး၊ လုံခြုံရေး၊ ရန်ပုံငွေ ကိစ္စရပ်များပါဝင်သည့် ယာယီနေရာချထားပေးနိုင်ရေး လုပ်ငန်းစဉ်အား (၆)မြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကျပ် (၁)ဘီလီယံနှင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ကျပ်(၆၁၇.၅၀ဝ)သန်း၊ စုစုပေါင်းငွေ ကျပ် (၁၆၁၇.၅၀ဝ)သန်းဖြင့် စခန်း (၇)ခုကို ဇွန်လ ဒုတိယပတ်မှစ၍ စတင်ဆောက်လုပ်ပေးလျက်ရှိရာ ရသေ့တောင်မြို့နယ်၊ သောင်းဒရားစုရပ်နှင့် ရွာသစ်ကေစုရပ်များတွင် လုံခြုံရေးနှင့် ရာသီဥတု အခြေအနေများကြောင့် ဇူလိုင်လ ဒုတိယပတ်မှ စ၍ ယာယီ ရပ်ဆိုင်းခဲ့ရပြီး ကျန်မြို့နယ်များတွင် (၉၀%)ပြီးစီးပြီဖြစ်ပါကြောင်း။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရခိုင်တိုင်းရင်းသားများအတွက် ဘဏ္ဍာနှစ်အလိုက် နေအိမ် ဆောက်လုပ်ခြင်း၊ အဆောက်အဦများပြုပြင်ခြင်း၊ လမ်းများဖောက်လုပ်ခြင်း၊ ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ရိက္ခာထောက်ပံ့ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများ ဆောက်လုပ်ခြင်းနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ နေရပ်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချနေထိုင်နိုင်ရေးနှင့် စားဝတ်နေရေးပြေလည်ရေးတို့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီးစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် AA အဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့်ဒေသများတွင် ရေပေး ဝေခြင်း၊ ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးခြင်း၊ ဆန်နှင့် လှူဖွယ်ဝတ္ထုများ လှူဒါန်းခြင်း၊ နယ်လှည့် ဆေးကုသရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်ထောက်ပံ့ငွေဖြင့် မြစိမ်းရောင် (အသားကဏ္ဍ)အတွက် မွေးမြူရေးကျေးရွာထူထောင်ရန်၊ တစ်မြို့နယ်လျှင် ကျပ်သန်း ၃၀ နှုန်းဖြင့် မင်းပြားနှင့် ပုဏ္ဏားကျွန်းမြို့နယ်များအတွက် ကျပ်သန်း (၆၀)နှင့် ပလက်ဝမြို့နယ်တွင် မျိုးကောင်းမျိုးသန့် တိရစ္ဆာန်ဖြန့်ဖြူးရန် ကျပ်သန်း(၃၀)၊ စုစုပေါင်း ကျပ်သန်း(၉၀)ကို ပြည်နယ်သို့ ရန်ပုံငွေလွှဲအပ်ပြီး စီမံကိန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် တိုက်ပွဲရှောင်ဒေသများအပါအဝင် ရခိုင်ပြည်နယ်အတွင်း ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း (၂၁၀)ဖြင့် ကျေးလက်အိမ်ရာ အလုံး(၃၀ဝ)ကို ပြည်နယ်အစိုးရအဖွဲ့၏ အစီအမံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူများ ရေရရှိရေးအတွက် ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်များရှိ ရေကန်(၉)ကန်အား သောက်သုံးရေ ရရှိရေးအတွက် ကုန်ကျငွေ ကျပ်(၂.၄၉)သန်း အသုံးပြု၍ ရေချိုများဖြည့်တင်းဆောင်ရွက်ပေးခဲ့ပါကြောင်း။

စိုက်ပျိုးရေးဦးစီးဌာနသည် ပြည်နယ်ရန်ပုံငွေဖြင့် ခရိုင်/မြို့နယ်များအတွင်း တောင်သူများ မျိုးကောင်း မျိုးသန့်များ သုံးစွဲနိုင်စေရန် ရန်ရွယ်၍ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် မျိုးစေ့ထုတ်လုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

တစ်ရွာစီ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာများတည်ထောင်၍ ၂၀၁၈-၂၀၁၉ခုနှစ်၊ မိုးရာသီတွင် စံပြကွက် စုစုပေါင်း (၇၀၄)ဧက စိုက်ပျိုးပညာပေး ပြသခဲ့ပြီး နွေစပါး (SRI)၊ ဆောင်းသီးနှံ (GAP မြေပဲ၊ GAP မတ်ပဲ၊ GAP ပဲတီစိမ်း)၊ နေကြာ၊ ကြံခင်းသစ်/လမိုင်း၊ သီဟို၊ ရော်ဘာစံပြကွက်များကို ဆောင်ရွက်လျက်ရှိပါကြောင်း။

၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် မြို့နယ် (၁၇)တွင် မျိုးစေ့သိုလှောင်ရန် အတွက် ဂိုဒေါင် (၅၀)လုံး၊ မြို့နယ် (၁၀)တွင် နည်းပညာပြန့်ပွားရေးစင်တာ (၁၀)လုံး၊ ဆောက်လုပ်နေဆဲဖြစ်ပြီး၊ မျိုးစေ့အခြောက်ခံစက် (၂၀)လုံး၊ မျိုးစေ့ချကိရိယာ (၁၇၀)ခု ဖြန့်ဝေပြီး ဖြစ်ပါကြောင်း။

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် တိုက်ပွဲရှောင်တိုင်းရင်းသားများ ဘေးကင်းလုံခြုံရေးအတွက် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အမှတ်(၁၊ ၂၊ ၃)၊ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ခွဲနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ခွဲများဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

တိုက်ပွဲရှောင်စခန်းစုရပ်များတွင် ရောက်ရှိခိုလှုံနေသော တိုက်ပွဲရှောင်ပြည်သူများ နေရပ်ဒေသများသို့ ပြန်သွားနိုင်ရေး လုံခြုံရေးအရ တည်ငြိမ်အေးချမ်းပြီးဖြစ်သော မူလနေထိုင်ခဲ့ရာ နေရာများ စာရင်းကို ပြုစုလျက်ရှိပြီး ရရှိပါက မူလနေရပ်များသို့ ၎င်းတို့ဆန္ဒအရ ပြန်လည်ပို့ဆောင်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ကျန်ရှိသည်များအား ပြည်နယ်အစိုးရအဖွဲ့ အစီအမံဖြင့် ဖွင့်လှစ်ရန် စီစဉ်ထားသော တိုက်ပွဲရှောင်စခန်းများတွင် စနစ်တကျနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

MDN