ရခိုင်ပြည်နယ်တွင် ရေချိုပုစွန် သားဖောက်စမ်းသပ်မှုအောင်မြင်၍ သားဖောက်စခန်း ဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်နေ

စစ်တွေ၊ စက်တင်ဘာ ၂၉

 

အခြေခံစားသောက်ကုန်တွင် အဓိကပါဝင်လျက်ရှိသော ငါး၊ ပုစွန် ရေရှည်စားသုံးနိုင်ရန်နှင့် ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားဝင်ငွေရရှိရန် နိုင်ငံတော်က သား၊ ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်တွင် ရေချိုပုစွန် သားဖောက်စမ်းသပ်မှု အောင်မြင်သောကြောင့် ရေချိုပုစွန် သားဖောက်စခန်း ဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

 

ရေချိုပုစွန် သားဖောက်ခြင်းကို ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ရှိသော်လည်း ရခိုင်ပြည်နယ် ကုလားတန်မြစ်နှင့် ဆက်စပ်လျက်ရှိသည့် ကျောက်တော်နှင့် ပုဏ္ဏားကျွန်းတစ်ဝိုက်မှ ထွက်ရှိသော ရေချိုပုစွန်မှာ အရောင်အသွေးလှပပြီး အကောင်ကြီးသည့်အပြင် အရသာ ကောင်းမွန်သောကြောင့် အဆိုပါမျိုးစိပ် ရေရှည်တည်တံ့နိုင်ရန်နှင့်  ပြည်တွင်းစားသုံးမှုသာမက ပြည်ပပို့ကုန်အဖြစ် ရည်မှန်း၍ ရေချိုပုစွန် သားဖောက်စခန်းကို ဖွင့်လှစ်ရန် ငါးလုပ်ငန်းဦးစီးဌာနက ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်သည်။

 

“ကျောက်တော်၊ ပုဏ္ဏားကျွန်း တစ်ဝိုက်က ရေချိုပုစွန်ဟာ အ‌ရောင်လှသလို အကောင်လည်းလှတယ်၊ အရသာလည်းရှိတယ်။ ဒီမျိုးစိတ်ကို ဆက်ပြီးထိန်းသိမ်းသွားဖို့လိုတယ်။ စမ်းသပ်ဖောက်တဲ့အခါမှာ အောင်မြင်တဲ့အတွက် ပြည်ပပို့ကုန် တန်းဝင်တာကြောင့် မြန်မာပြည်အောက်ပိုင်းက ပုစွန်နဲ့ မတူတဲ့မျိုးစိတ်ကို ပုစွန်သားဖောက်စခန်းတစ်ခု ဖွင့်လှစ်ဖို့ကြိုးပမ်းနေတယ်။ ရခိုင်ပြည်နယ်မှာ ရေချိုပုစွန် သားဖောက်လုပ်ငန်း စမ်းသပ်သုတေသနပြုဖို့ တင်ပြတဲ့အခါမှာ ခွင့်ပြုတဲ့အတွက် ဇွန်လကနေ ဩဂုတ်လထိ ပုဏ္ဏားကျွန်းက ရေချိုပုစွန်ထုပ်မျိုးကိုယူပြီး ဖောက်တဲ့အခါ အောင်မြင်ခဲ့တယ်။ ပြည်နယ်ဝန်ကြီးက ရေချိုပုစွန်သားပေါက် အမြဲတမ်းရနိုင်ဖို့ ကျောက်တော်မှာ သားဖောက်စခန်း အသစ်တစ်ခုအတွက် ဆာဗေးလုပ်ဖို့ ညွှန်ကြားခဲ့တာကြောင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားဝင်ငွေရရှိစေမယ့် ရေချိုပုစွန် သားဖောက်စခန်းတစ်ခု ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်”ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ပြည်နယ်ညွှန်ကြားရေးမှူး ဦးသက်ဦးက ပြောကြားသည်။

 

mdn

 

ရခိုင်ပြည်နယ်တွင် ရေငန်ပုစွန် သားဖောက်ထုတ်လုပ်ရေးစခန်းအဖြစ် စစ်တွေ၊ ပေါက်တောနှင့် ကျောက်ဖြူတို့တွင်ရှိပြီး နှစ်ကြာသည်နှင့်အမျှ ထုတ်လုပ်မှု ကျဆင်းလာရာ ကျောက်ဖြူ ရေငန်ပုစွန် ထုတ်လုပ်ရေးကို ပြည်ထောင်စုဘတ်ဂျက်ဖြင့် ပြန်လည်မြှင့်တင်ခဲ့သည်။ စစ်တွေမြို့ရှိ ရေငန်ပုစွန် ထုတ်လုပ်ရေးတွင် ထိုင်းနိုင်ငံ ကုမ္ပဏီတစ်ခုဖြင့် MoU လက်မှတ်ထိုးဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ငန်းများ ယာယီရပ်ဆိုင်ခဲ့၍ လုပ်ငန်းသက်တမ်းတိုးအတွက် MoU လက်မှတ်ထိုးခဲ့သည်။ ပေါက်တောမြို့ရှိ ရေငန်ပုစွန် ထုတ်လုပ်ရေးစခန်းသည် ပင်လယ်၏ လှိုင်းရိုက်ခတ်မှုများသောနေရာတွင် တည်ရှိပြီး သဘာဝဒဏ် ခံရသည့်အတွက် နှစ်စဉ်ထုတ်လုပ်မှုစရိတ် မြင့်မား၍ ထွက်ရှိမှုနည်းသောကြောင့် လာမည့်ပြည်နယ်ဘတ်ဂျက်၌ စစ်တွေမြို့ အောင်တိုင်ကျေးရွာသို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် စီမံထားကြောင်း သိရသည်။

 

နှစ်စဉ်ပြောင်းလဲလာသော ကမ္ဘာ့ရာသီဥတုကြောင့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုများဖြစ်ပေါ်မှုဖြင့် ပင်လယ်ပြင်‌ ရေထွက်ကုန်ရရှိမှု လျော့နည်းလာခြင်း၊ စိုက်ပျိုးရေးတွင် အသုံးပြုသော ဓာတုပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းများ ပင်လယ်ပြင်နှင့် မြစ်၊ ချောင်းအတွင်း ရောက်ရှိပြီး သဘာဝပတ်ဝန်းကျင်နှင့် ရေသယံဇာတ ထိခိုက်မှုကြောင့် ရေနေသတ္တဝါများ ရှင်သန်ပေါက်ပွားနှုန်းကို ထိခိုက်စေလျက်ရှိသည်။ ရေခံမြေခံကောင်းသော မြန်မာနိုင်ငံအတွင်း ဌာနမှ ပညာရှင်များကိုယ်တိုင် ရေငန်ဒေသ၌‌ ရေချိုပုစွန် သားဖောက်ထုတ်လုပ် မွေးမြူနိုင်ခြင်းသည်  လုံခြုံစိတ်ချသော တန်ဖိုးမြှင့် ရေထွက်ကုန် ထုတ်လုပ်နိုင်မှုကို နိုင်ငံအတွက် ပိုင်ဆိုင်နိုင်ခြင်းဖြစ်ပြီး တိုးမြှင့်ထုတ်လုပ်နိုင်ရန် ပုစွန်သားဖောက် စခန်းများစွာ ပေါ်ထွန်းရန်လိုအပ်လာမည် ဖြစ်သည်။

 

ရခိုင်ပြည်နယ်တွင် ရေငန်ပုစွန် သားဖောက်စခန်းသုံးခုရှိပြီး ရေချိုပုစွန် သားဖောက်စခန်းမရှိ‌သေးဘဲ ရေချိုပုစွန် သားဖောက်စမ်းသပ်မှု အောင်မြင်မှုဖြင့် သားဖောက်စခန်း အသစ်တစ်ခု ဖွင့်လှစ်ရန် ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

ဓာတ်ပုံ - ကနူး

ညိမ်းသူ (သတင်းစဉ်)

 

mdn