ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုလျက်ရှိ

မောင်တော ၇ မတ်  

 

၂၀၁၈ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲကို မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ စာစစ်ဌာနများနှင့် နိုင်ငံခြား စာစစ်ဌာနများတွင် တက္ကသိုလ်ဝင် စာမေးပွဲကို မတ် ၇ ရက် နံနက် ၉ နာရီမှ စတင်ဖြေဆိုရာ ရခိုင်ပြည်နယ်၌ စာစစ်ဌာန ၁၂၂ ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပလျက်ရှိသော ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မောင်တောမြို့နယ်၌ ဖြေဆိုရန် စာရင်းရှိ  ကျောင်းသား/သူဦးရေ (၈၇၉)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူပေါင်း ကျား( ၄၀ဝ )ဦး နှင့် မ ( ၂၉၀ )ဦး ပေါင်း( ၆၉၀ )ဦး၊ ဖြေဆိုပျက်ကွက်သူ ကျား (၁၂၅) ဦး၊ မ(၆၄)ဦး ပေါင်း(၁၈၉)ဦး ရှိကြောင်း သိရသည်။

 

အလားတူ ဘူးသီးတောင် မြို့နယ်တွင်   အထက(၁)၊ အထက(၂)၊ အလက(ခွဲ) အလက(၂)၊ အထက (လက်ဝဲဒက်ပုဇွန်ချောင်း)၊ အထက(ခွဲ) (စေတီတောင်) စစ်ဌာန(၅)ခု ဖွင့်လှစ်လျှက် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ကျင်းပခဲ့ရာ မြို့နယ်ဖြေဆိုရန် စာရင်းရှိ ဦးရေမှာ( ၂၅၅၃ )ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျား (၁၁၂၈)ဦး၊ မ (၈၅၁)ဦး၊  ပေါင်း(၁၉၇၉)ဦးနှင့်   ဖြေဆိုရန် ပျက်ကွက်သူ    ကျား (၄၃၄)ဦး ၊ မ (၁၄၀)ဦး၊  ပေါင်း (၅၇၄)ဦးရှိပြီး တည်ငြိမ်အေးချမ်းစွာ ဖြေဆိုလျှက်ရှိသည်။

 

ထို့အပြင် စစ်တွေခရိုင်တွင် ၁၂၂၈၄ ဦး၊ ကျောက်ဖြူခရိုင်တွင် ၁၁၁၁၂ ဦး၊ မောင်တောခရိုင်တွင် ၁၉၇၉ ဦး၊ သံတွဲခရိုင်တွင် ၆၂၃၁ ဦး၊ ကျောက်ဖြူ ခရိုင်တွင် ၇၅၇၄ ဦး ဝင်ရောက်ဖြေဆိုကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ် တစ်ဝန်း၌ စာစစ်ဌာန ၁၁၆ ခုရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် စာစစ်ဌာနများ တိုးမြှင့်ခွင့်ပြုခဲ့ရာ စာစစ်ဌာန ၁၂၂ ခုဖြစ်လာကြောင်း သိရသည်။ ပထမနေ့ ရခိုင်ပြည်နယ် တစ်ခုလုံး၌ မြန်မာစာ ဖြေဆိုသူ ၃၉၁၈၀ ဦးရှိပြီး ဖြေဆိုသူ ရာခိုင်နှုန်း ၈၇ ဒသမ ၈၃ ရှိရာ ပျက်ကွက်သူ စုစုပေါင်းမှာ ၅၄၂၈ ဦးရှိပြီး ပျက်ကွက်မှုမှာ ၁၂ ဒသမ ၁၇ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

 

MDN