နိုင်ငံ၏ သဘောသဘာဝ ပကတိအနေအထားနှင့် ပထဝီနိုင်ငံရေးအနေအထားများအရ မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများကြား၌ အရေးပါသည့်နိုင်ငံအဖြစ် ရပ်တည်နေသည်ကို တွေ့ရမည်ဖြစ်သည်။ သမိုင်းကြောင်း တစ်လျှောက်တွင်လည်း မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိုအကြောင်းပြု၍ အရေးကြီးသည့် ကိစ္စများ မကြာခဏဖြစ်ပေါ်လေ့ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ မည်သို့သောအခြေ အနေများရှိသည်ဖြစ်စေ မြန်မာနိုင်ငံသည် စည်းလုံးညီညွတ်မှုစွမ်းပကားများဖြင့် ဟန့်တားနှောင့်ယှက်မှုများ၊ အဖျက်အန္တရာယ်များကို တွန်းလှန်ဖယ်ရှားနိုင်ခဲ့ပေသည်။

 

မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယ အင်အားကြီး နိုင်ငံကြီးနှစ်နိုင်ငံကြားနှင့် ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ် ပါဝင်သည့် နိုင်ငံငါးနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ် လျက်ရှိသည်။ သမိုင်းကြောင်း တစ်လျှောက်တွင် အိမ်နီးချင်းနိုင်ငံများနှင့် ပြဿနာဖြစ်ပေါ်မှု အလွန်နည်းပါးပြီး များသောအားဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ထိတွေ့ဆက်ဆံလျက်ရှိသည်။ တစ်နိုင်ငံ၏ ပြည်တွင်းရေးတွင် တစ်နိုင်ငံ က  ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ မိမိတို့နိုင်ငံ၏ပြည်တွင်းရေးကို မိမိတို့ကိုယ်တိုင် ဖြေရှင်းကြသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရိုင်းပင်းကူညီလက်တွဲ ပူးပေါင်းဆောင်ရွက်လေ့ရှိပြီး  ထိတွေ့နေသော တရားဝင် နယ်စပ်ဂိတ်များမှတစ်ဆင့်  လူမှုစီးပွားနှင့် ကူးသန်းရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်ကြသည်။

 

မြန်မာနိုင်ငံ၏ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊    ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ကူးသန်းရောင်းဝယ် ကူးလူးဆက်နွှယ်မှုများရှိခဲ့သည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ သမိုင်းကြောင်းတစ်လျှောက်၌ လူဝင်လူထွက်ပြဿနာများ ဖြစ်ပေါ်လေ့ရှိပြီး စွက်ဖက်နှောင့်ယှက်မှုနှင့် နယ်မြေပိုင်နက်ကျူးကျော်မှုများ မရှိသလောက်နည်းပါးသည် သို့သော် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်းကူးပြောင်းသည့်ကာလ၌ မြန်မာနိုင်ငံအနောက်ဘက်ခြမ်းတွင် လူမျိုးရေးကိုအကြောင်းပြု၍ တစ်ဖက်နိုင်ငံကို အခြေပြုဖွဲ့စည်းခဲ့သည့် ARSA အကြမ်းဖက်အဖွဲ့ ဖြစ်ပေါ်လာသည်။ ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ARSA အစွန်းရောက်ဘ င်္ဂါလီအကြမ်းဖက်အဖွဲ့သည် စတင်ဖွဲ့စည်းပြီးသည်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်စပ်အချို့တွင် ကျူးကျော်စွက်ဖက် နှောင့်ယှက်မှုများပြုလုပ်လာသည်။

 

တစ်ဖက်နိုင်ငံမှ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့သည် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင်  ရခိုင်ပြည်နယ်  မောင်တောခရိုင်နယ်စပ်များရှိ နယ်စပ်လုံခြုံရေးစခန်းများကို   ဝင်ရောက်တိုက်ခိုက်ပြီးနောက်   နေရပ်စွန့်ခွာ ထွက်ပြေးကြရသည့် ပြဿနာများကိုဖန်တီးခဲ့သည်။ ထို့နောက် ၂၀၁၉ ခုနှစ်တွင် တစ်ကြိမ်  ထပ်မံတိုက်ခိုက်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလတွင် နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်။ ယခုနှစ်တိုက်ခိုက်မှုဖြစ်စဉ်တွင် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့နှင့်အတူ ပြည်တွင်းမှ AA လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ ပါဝင် ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်ကို တွေ့ရသည်။ AA အဖွဲ့သည် တစ်ဖက်နိုင်ငံမှ ARSA အကြမ်းဖက်အဖွဲ့နှင့် ယခုနှစ်စက်တင်ဘာလ ၁၆  ရက်နေ့တွင်   နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင်အနီးမှ ရဲကင်းစခန်းများကို တိုက်ခိုက်ကာ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု ထိခိုက်စေရန် ဖန်တီးခဲ့သည်။ ARSA  အကြမ်းဖက်အဖွဲ့သည်   ပြဿနာများကို ထိုသို့ဖန်တီးပြီးနောက်  နိုင်ငံတကာ အလယ်တွင်  မြန်မာနိုင်ငံ၏ပုံရိပ် ကျဆင်းအောင် အမျိုးမျိုးအဖုံဖုံပြုလုပ်ခဲ့သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူများ လိုလားတောင့်တသည့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက်    ကြိုးပမ်း အကောင်အထည်ဖော်နေသည့် အချိန်၌ AA အဖွဲ့သည် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် အဖွဲ့နှင့် ပူးပေါင်း တိုက်ခိုက်ခြင်းသည် ငြိမ်းချမ်းရေးကို ဖျက်ဆီးခြင်းဖြစ်သည်။ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးရေးအတွက်  လုံခြုံရေး ဆောင်ရွက်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့များကို တိုက်ခိုက်ခြင်းသည် အိမ်နီးချင်းနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို ပျက်ပြားစေရန်  ရည်ရွယ်ချက်ရှိရှိ  ပြုလုပ်ခဲ့ခြင်းဖြစ်သည့် အပြင် ကုလသမဂ္ဂနှင့်နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားအောင်  ပြုလုပ်နေခြင်းဖြစ်သည်။ ARSA အကြမ်းဖက်သမားများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ခိုအောင်းလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်ကာ မြန်မာနိုင်ငံအပေါ် စွက်ဖက်နှောင့်ယှက်မှုများ ပြုလုပ်နိုင်ရန် အမျိုးမျိုးအဖုံဖုံ ကြံစည်လုပ်ဆောင်မှုများ ပြုလုပ်နေသည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရေး ပျက်ပြားမှုမရှိ စေရန်နှင့် အထင်အမြင်လွဲမှားမှုများ မရှိစေရန်အတွက် အကြမ်းဖက်အဖျက်သမားများကို ဥပဒေနှင့်အညီ ထိန်းသိမ်းကာကွယ်ဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံအကြား သံတမန်နည်းလမ်းဖြင့် ပြဿနာဖြေရှင်းလျက်ရှိသည်။ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများက    မြန်မာနိုင်ငံအနောက်ဘက်နယ်စပ်၌   အကြိမ်ကြိမ် နှောင့်ယှက်၊   လှုပ်ရှားဆောင်ရွက်နေမှုတို့ကို   လုံခြုံရေးသတိဖြင့်  အမြဲမပြတ် စောင့်ကြပ်ကြည့်ရှုပြီး ကာကွယ်စောင့်ရှောက်လျက်ရှိကာ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေ းလုပ်ငန်းစဉ်များကို မျက်ခြည်မပြတ်အလေးထား ဆောင်ရွက်လျက်ရှိနေပါကြောင်း။

 

ကြေးမုံ