စစ်တွေ မတ် ၁၉

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးရဲကျော်သူ ကျောင်းတိုက်ရှိ သကျမုနိသိမ်တော်ကြီးနှင့် ပင်မကျောင်းဆောင်ပြုပြင်ပြီးစီးနေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲသို့ တက်ရောက်သည်။

 

ကြည့်ရှုစစ်ဆေး

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ဦးရဲကျော်သူကျောင်းတိုက်၌ သကျမုနိသိမ်တော်ကြီးရှိ ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြပြီး သကျမုနိသိမ်တော်ကြီး ပြုပြင်ပြီးစီးနေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဦးရဲကျော်သူ ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ ကျောင်းတိုက်နှင့် သိမ်တော်ကြီးအား ရှေးမူမပျက် ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုသည်။

 

ယင်းနောက် ဦးရဲကျော်သူကျောင်းတိုက်ရှိ ရှင်းလင်းဆောင်၌ စစ်တွေတပ်နယ်မှ ဆောက်လုပ်ရေးတာဝန်ခံက သကျမုနိသိမ်တော်ကြီးနှင့် ပင်မကျောင်းဆောင်အား ရှေးမူမပျက် ပြုပြင်ပြီးစီးနေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲသို့ တက်ရောက်သည်။

 

တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်တရားလွှတ်တော်ရုံး၊ ရခိုင်ပြည်နယ် လွှတ်တော်ရုံးအဆောက်အဦ ပြင်ဆင်ထိန်းသိမ်းရေး ကော်မတီဝင်ဌာနဆိုင်ရာများနှင့် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက မိတ်ဆက်ကြသည်။

 

ရှင်းလင်းတင်ပြ

ထို့နောက် ရခိုင်ပြည်နယ် လွှတ်တော်ရုံးအဆောက်အဦပြင်ဆင်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ရခိုင်ပြည်နယ် လွှတ်တော်အဆောက်အအုံအား အကြီးစားပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အအုံများ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် အမြင်တင့်တယ်စေရေးအတွက် ပြင်ဆင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်း၍ စနစ်တကျဆောင်ရွက်ခဲ့ရာ လက်ရှိကာလတွင် လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ရေးလုပ်ငန်းများ ပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ ထို့အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လွှတ်တော်အစည်းအဝေးများကျင်းပရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် 100 KVA ဆိုလာလျှပ်စစ်ဓာတ်အား ပေးစနစ်အား တပ်ဆင်ပေးခဲ့ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မကြာမီပေါ်ထွက်လာမည့် အစိုးရအဖွဲ့အနေဖြင့် မိမိတို့တာဝန်ယူစဉ်ကာလထက် ပိုမိုသာလွန်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက် သွားကြစေလိုကြောင်းနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တည်ခင်းကျွေးမွေးသော နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)