စစ်တွေ ၂ ဇန်နဝါရီ
ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီ ၂ ရက် ညနေပိုင်းတွင် စစ်တွေမြို့ဆတ်ရိုးကျတံတား တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထိုသို့လှည့်လည်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်က တံတားအမြင့် ရေလမ်းကင်းလွတ်နိုင်မှုရှိ/မရှိ၊ ယခုအချိန်တွင် တံတားအတွင်း ဖြတ်သန်းသွားလာနိုင်မှု အခြေအနေ၊ တံတားပေါ်တွင် လူသွားလမ်းအကျယ်နှင့် ယာဉ်အန္တယ်ကင်းလွတ်နိုင်မှု၊ တံတားကြမ်းခင်းပေါ်တွင် နိုင်လွန်ကတ္တရာ ထပ်မံခင်းရန် စီစဉ်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးခင်မောင်မြင့်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က တံတားချဉ်းကပ်လမ်းတွင် လူသွားလမ်း တစ်ဘက် ၃ ပေစီ ထပ်မံတည်ဆောက် ဆောင်ရွက်ပေးရန်နှင့် တံတားဖွင့်လှစ်ပြီးပါက ယာဉ်သွားယာဉ်လာ များပြားလာမည်ဖြစ်သည့်အတွက် တံတားအနီးလမ်းဆုံ၌ ဓာတ်မီးတိုင်များတွင် အချက်ပြမီးများ တပ်ဆင်နိုင်ရေး လမ်းညွှန်မှာကြားသည်။
အဆိုပါဆတ်ရိုးကျတံတားသည် စစ်တွေမြို့ လမ်းမတော်ရပ်ကွက်နှင့် ဆတ်ရိုးကျကျေးရွာတို့ကို ဆက်သွယ်ထားသည့် ဆတ်ရိုးကျ ချောင်းကူးတံတားဖြစ်သည်။ တံတားအရှည် ၁၆၄၂ ပေဖြစ်ပြီး အပေါ်ထည်သံမဏိ သံပေါင်၊ Plate Girder အောက်ထည် သံကူကွန်ကရိ၊ အုတ်မြစ် သံကူကွန်ကရိ ဘိုးပိုင်၊ တံတားအခန်းဖွင့် ၃၀ ပေ၊ ၁၀ ခန်း၊ ၁၀၀ ပေ၊ ၁၁ ခန်း၊ ၂၄၀ ပေတစ်ခန်း၊ တံတားအကျယ် ၃၀ ပေ၊ ယာဉ်သွားလမ်း ၂၄ ပေ၊ လူသွားလမ်း တစ်ဖက်လျှင်သုံးပေစီပါရှိကာ ခွင့်ပြုယာဉ်အလေးချိန် ၇၅ တန်ဖြစ်သည်။ ပြည်နယ်အစိုးရရန်ပုံငွေ ၈၈၂၃ သန်းဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး တံတားတစ်စင်းလုံး ပြီးစီးမှုမှာ ၉၆ ရာခိုင်နှုန်းဖြစ်ကာ ဖေဖော်ဝါရီ ၅ ရက်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)