စစ်တွေ ဇူလိုင် ၁၄
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာများသို့ ကွင်းဆင်းပြီး ဒေသခံပြည်သူ များနှင့် တွေ့ဆုံသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ် ငတောက်တက်ကျေးရွာ အခြေခံ ပညာ အလယ်တန်း ကျောင်းခွဲ၌ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံပြီး (ယာပုံ) ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ ရပ်ရွာ၏ လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ် ကြောင်း၊ မုန်တိုင်းအလွန်တွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲက ပြန်လည် ထူထောင်ရေး ကိစ္စများနှင့်ပတ်သက်၍ လမ်းညွှန်မှာကြား ထားပါကြောင်း၊ စားရေရိက္ခာ ဖူလုံရေးသည် အဓိကဖြစ်ကြောင်း၊ အမိုးအကာအောက် ရောက်ရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး လစ်ဟင်းမှုမရှိစေ ရေးတို့ကို မှာကြားခဲ့ပါကြောင်း၊ မှာကြားချက်များအပေါ် အကောင်အထည်ဖော်ရန် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီး များကိုယ်တိုင် အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိခြင်းကြောင့် အချိန်တိုအတွင်းမှာပင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း အထွက်နှုန်းကောင်းသည့် မျိုးကောင်း မျိုးသန့်များကိုလည်း ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း၊ ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် ကြိုးစားလုပ်ဆောင်ကြ စေလိုကြောင်း၊ မိမိ တို့ရပ်ရွာအတွက် ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် ကဏ္ဍများနှင့် ပတ်သက်သည့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးများက ရခိုင်ပြည်နယ်အတွင်း မိမိတို့ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ကျေးရွာသူ ကျေးရွာသားများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား များပြောကြားပြီး သီးစုံဒံပေါက်များ ဝေငှပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျားမသောက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံ၍ ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် နေမှုများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး သီးစုံဒံပေါက်နှင့် စားသောက်ဖွယ်ရာများ ဝေငှပေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ သဘာဝဘေး ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်