စစ်တွေ   နိုဝင်ဘာ  ၁၉

 

စစ်တွေမြို့၊ ရှုခင်းသာလမ်းနှင့် ပွိုင့်ကမ်းခြေ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက် ကောက်သန့်ရှင်းရေးဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ကမ်းနားလမ်း စာတိုက်ကြီးအနီးနှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းရှေ့ ကမ်းခြေတွင် သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းမှ သင်တန်းသား၊ သင်တန်းသူများ၊ ကျန်းမာရေးဝန်ထမ်းများက စုပေါင်းအမှိုက် ကောက်သန့်ရှင်းရေး ဆောင်ရွက်နေမှုကို လည်းကောင်း၊ ကမ်းနားလမ်းတလျောက်၊ စစ်တွေပွိုင့်နှင့် ပွိုင့်ကမ်းခြေ၊ စစ်တွေဟိုတယ်ကမ်းခြေတို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကြသည်။

 

အဆိုပါ စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ရာတွင် စစ်တွေတပ်နယ်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူ များက စစ်တွေမြို့ကမ်းနားလမ်း၊ စာတိုက်ကြီးအနီးမှ စတင်ကာ ကမ်းနားလမ်းတလျောက်၊ စစ်တွေပွိုင့်နှင့် ပွိုင့်ကမ်းခြေ၊ စစ်တွေဟိုတယ်ကမ်းခြေတို့တွင်  လမ်းဘေးဝဲယာရှိ စွန့်ပစ်အမှိုက်များ၊ ပလပ်စတစ်အိပ်များ၊ ကမ်းခြေအနီးရှိ စွန့်ပစ်အမှိုက်များကို မြို့သန့်ရှင်းသာယာလှပရေးစေရေးအတွက် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

(သတင်းစဉ်)