စစ်တွေ ဩဂုတ် ၂၅

 

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့်အတူ ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက ပြည်နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနရုံး စည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများနှင့်တွေ့ဆုံပြီး ကျေးလက်လမ်းများ အဆင့်မြှင့်တင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က "မိမိတို့အစိုးရအဖွဲ့အနေဖြင့်  စတင်တာဝန်ယူပြီးသည့်အချိန်မှ ယနေ့အချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကို ဦးစားပေးအနေဖြင့် ကြိုးစားဆောင်ရွက်နေရပါကြောင်း၊ ယခု အချိန်တွင် ရခိုင်ပြည်နယ် အနေဖြင့် ကိုဗစ်-၁၉ရောဂါသည် ကူးစက်မှုနှုန်း အထိတ်အလျောက် ကျဆင်းလာသည့် အတွက် ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ငန်းများကို တတ်နိုင်သလောက်ဆောင်ရွက်ရမည့် အချိန်ဖြစ်ပါကြောင်း၊ ထိုသို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်သည့်အခါ သက်ဆိုင်ရာဌာန များနှင့်တွေ့ဆုံပြီး ဌာနဆိုင်ရာများ၏ လုပ်ဆောင်ချက်များ၊ အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များကို မည်ကဲ့သို့ ပံ့ပိုးကူညီဆောင်ရွက်မည့် မည်ကဲ့သို့ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ကို သိရှိလိုသည့်အတွက် ယခုကဲ့သို့တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်းနှင့် ဌာနဝန်ထမ်းများ အနေဖြင့်လည်း မိမိတို့ဌာန၏ ရှေးဆက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဘဏ္ဍာရေးအခြေအနေများ၊  ဝန်ထမ်းများ၏အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးစေလိုကြောင်း" ပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွန်းလင်းမော်က ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ဘဏ္ဍာငွေရရှိမှုအခြေအနေ၊ ပြည်နယ်အတွင်း ကျေးလက်လမ်း၊ တံတားများ ဆောင်ရွက်နေမှု၊ ပြီးစီးနေမှု၊ ဆောင်ရွက်ဆဲ လမ်းတံတားများ၊ မဟာဗျူဟာရည်မှန်းချက်များ ပြည့်မီရေးအတွက် လမ်းများအဆင့်မြှင့် တင်ဆောင်ရွက်နေမှုနှင့် လမ်းများ မွမ်းမံဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အကြံပြုဆွေးနွေး တင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ စစ်တွေ-ပလ္လင်ပြင်ကျေးရွာသွားလမ်း(စစ်တွေတက္ကသိုလ်သွားလမ်း) ဒသမ ၇၁ ကီလိုမီတာကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးကြရာ ပြည်နယ်ဦးစီးမှူး ဦးထွန်းလင်းမော်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ စစ်တွေ-ပလ္လင်ပြင်လမ်းမှာ အလျား ၁၅ ဒသမ ၆၈၈ ကီလိုမီတာ ရှည်ပြီး ယခု ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရခွင့်ပြုငွေကျပ်သန်း ၂၁၈ ဒသမ ၈၀၅ သန်းဖြင့်  အရှည် ဒသမ ၇၁ ကီလိုမီတာအား အကျယ် ဒသမ ၄၉ မီတာ၊ အမြင့် ၁၇၅ မီလီမီတာရှိသော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)