စစ်တွေ အောက်တိုဘာ ၁၆
တောင်ကုတ်ခရိုင် ဥပဒေရုံးဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရုံး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဥဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ခရိုင် ဥပဒေရုံးဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အမွှေနံ့သာရေများ ပက်ဖြန်းပေးကြကာ ခရိုင်ဥပဒေရုံးအတွင်းကြည့်ရှုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တောင်ကုတ်မြို့နယ်ခန်းမ ပန္နတင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ကိုင်းရှည်ရပ်ကွက် စေတျာရာမ ဘုန်းတော်ကြီးကျောင်းတိုက်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တောင်ကုတ်မြို့ရှိ ဩဝါဒါစရိယဆရာတော်ကြီးများအား သင်္ကန်း၊ ဆန်၊ ဆီ၊ ဆားနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဆရာတော် အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရွှေမေတ္တာဘိုးဘွားရိပ်သာသို့ ကြည့်ရှုစစ်ဆေးပြီး အဘိုးအဘွားများအား ဆေးဝါးများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းကာ ဘိုးဘွား ရိပ်သာအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ထောက်ပံ့ငွေကျပ် (၁၀) သိန်း ပေးအပ်လှူဒါန်းသည်။
ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဖောင်တော်ဦးဘုရား၌ ကျင်းပသော ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ဆက်ကပ်လှူ ဒါန်းခြင်းနှင့် မီးပုံးပျံအလုံး (၃၀၀) လွှတ်တင်ပူဇော်ပွဲသို့ တက်ရောက်ပူဇော်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်