စစ်တွေ အောက်တိုဘာ ၄

 

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲသို့ ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့်အဖွဲ့ဝင်များ စစ်တွေတက္ကသိုလ်၌ စခန်းသွင်းလေ့ကျင့်နေမှု ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်၊ အားကစားလေ့ကျင့်ရေးခန်းမ၌ အဆို၊ အရေးပြိုင်ပွဲဝင်များ စခန်းသွင်းလေ့ကျင့်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲဝင်များက ဗဟိုအဆင့်တွင် ယှဉ်ပြိုင်နိုင်ရန် လေ့ကျင့်နေသော တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က ပြိုင်ပွဲဝင်များအား ဗဟိုအဆင့်ပြိုင်ပွဲတွင် ပြည်နယ်၏ ဂုဏ်ဆောင်နိုင်ရန်အတွက် ဆရာ၊ ဆရာမများ၏ သင်ကြားပေးမှုများကို စနစ်တကျ လေ့လာမှတ်သားကာ ကြိုးစားလေ့ကျင့်ကြရန်နှင့် လိုအပ်ချက်ရှိပါကလည်း တင်ပြပေးကြရန်ပြောကြားပြီး ပြိုင်ပွဲဝင်များအား အချိုရည်နှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်၊ အားကစားခန်းမ၌ အကအဖွဲ့ဝင်များ စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေးကြပြီး အကအဖွဲ့ဝင်များက အခြေခံကဗျာလွတ်အက၊ တစ်ဦးချင်းအကနှင့် မွန်ရိုးရာအကများဖြင့် လေ့ကျင့်ကပြဖျော်ဖြေကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အကအဖွဲ့ဝင်များကို အားပေးစကားပြောကြားကြပြီး အချိုရည်နှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြသည်။

 

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စစ်တွေတက္ကသိုလ်၌ ပြိုင်ပွဲဝင် ၆၆ ဦးကို စခန်းသွင်း လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)