စစ်တွေ အောက်တိုဘာ ၁၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သံတွဲခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။ 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂေါ့ရပ်ကွက်၌ Golden Myanmar property development ကုမ္ပဏီမှ  ဆောက်လုပ်လှူဒါန်းမည့် အခမဲ့အသက်မွေးပညာ သင်တန်းကျောင်း ပန္နက်ရိုက်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာ အသီးသီးတွင် ပန္နက် ရိုက်ပေးကြပြီး ကုမ္ပဏီမှ တာဝန်ရှိသူက အသက်မွေးပညာ သင်တန်းကျောင်းနှင့် ခရီးသွားလုပ်ငန်း အထောက်အကူပြု အိမ်ရာစီမံကိန်းနှင့် ပတ်သက်သည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့နယ် အလယ်ရွာကျေးရွာ၌ တောင်သူ (၁၅) ဦး၏ ဆင်းသွယ်လတ်မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း  ၂၅ ဧက စိုက်ပျိုးဖြစ်ထွန်း အောင်မြင် နေမှုကို သွား ရောက်ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်သည် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ မျိုးကောင်း၊ မျိုးသန့်များ တို့ချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေးနှင့် ဒေသတွင်းဖြန့်ဖြူး ရောင်းချ နိုင်သည်အထိ ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားကာ တောင်သူများ၏ တင်ပြချက်များကို ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့နယ်၊ ရှင်စောပြင်ကျေးရွာရှိ ဖြိုးမင်းဝင်း ဆန်စက်၌ ဒေသထွက် စပါးများအားကြိတ်ခွဲနေမှုကိုလည်းကောင်း၊ ရွှေလှေကျေးရွာ အုပ်စု၊ ပေါက်တောကျေးရွာ၌ ဥစား ကြက်ကောင်ရေ(၁၀၀၀၀) မွေးမြူထားသည့် လုပ်ငန်းရှင် ဦးခင်ရွှေ၏ ကြက်မွေးမြူရေးခြံကို လည်းကောင်း သွားရောက်ကြည့်ရှုပြီး လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဌာနများကို မှာကြားသည်။

ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ် တွင် လမ်းအထူးအဖွဲ့(၁၈) မှဆောင်ရွက်လျက်ရှိသည့် တောင်ကုတ် - မအီ - ကျောက်ဖြူလမ်း( တောင်ကုတ်- မအီအပိုင်း) ကိုင်းရှည်တံတားမှ တောင်ကုတ် တက္ကသိုလ်အထိ ကွန်ကရစ်လမ်းနှင့် ကတ္တရာကွန်ကရစ် (AC)လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် တောင်ကုတ်မြို့တွင်းလမ်း(တပ်ရှောင်လမ်း)အား ယခင်ကတ္တရာလမ်းမှ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေး ကြပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့၊ ဆရာတော်ဦးဥတ္တမရုပ်ထု အနီး သန့်ရှင်းသာယာလှပရေးနှင့် ဦးဥတ္တမ ကလေးကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်