စစ်တွေ စက်တင်ဘာ ၂၈
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက ကျောက်ဖြူမြို့နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဟောင်းသမိုင်းဝင်ပေါ်တော်မူ ကံ့ကော်တောဘုရားအား သွားရောက်ဖူးမြော်ကာ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး ဘုရားကြီးသိမ်တော် ဘက်စုံ ပြုပြင်မွမ်းမံနိုင်ရန် အလှူငွေများပေးအပ်လှူဒါန်း ကြသည်။
ထို့နောက် ဂုံးချွိန်ကျေးရွာအုပ်စု လယ်ဒါပြင်ကျေးရွာ၌ ဆင်းသွယ်လတ်စံပြစပါးစိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုကို သွားရောက်ကြည့်ရှုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တောင်သူများအား ဓာတ်မြေဩဇာများပေးအပ်ပြီး စံပြစိုက်ခင်းအတွင်း သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ ရောစပ်ကြဲပက်နေမှုကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် Kyauk Phyu INITIAL GAS STATION ကုမ္ပဏီသို့သွားရောက်၍ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုကြရာ စီမံကိန်းရှင်းလင်းဆောင်၌ ကုမ္ပဏီမှတာဝန်ရှိသူ များက သဘာဝဓာတ်ငွေ့များ ပို့လွှတ်နေမှု၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေမှု၊ ဒေသတွင်း လူမှုစီးပွားအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ဆက်လက် ဆောင်ရွက်ပေးမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စီမံကိန်း လုပ်ငန်းခွင်ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့ အစိုးရရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်းခွဲ(မြို့မ)သို့ သွားရောက်ပြီး ဆရာ ဆရာမများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေး၍ ကျောင်းသား ကျောင်းသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ကျောက်ဖြူမြို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများကို အားပေးစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများက ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့ အောင်မင်္ဂလာဘုန်းတော်ကြီးသင် ပညာရေး (မူလွန်) ကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ အဆိုပါ ဘုန်းတော်ကြီးကျောင်း၌ ကျောက်ဖြူအထူး စီးပွားရေးဇုန်၌ ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်သည့် ကျောက်ဖြူအနာဂတ် ရွေ့လျားဆေးခန်းဖွင့်လှစ်ပြီး ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကာ ဆရာဝန်၊ သူနာပြုများနှင့် လူမှုအဖွဲ့ အစည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် ရောက်ရှိလာကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဘုန်းတော်ကြီးသင် ပညာရေး(မူလွန်)ကျောင်းရှိ ကျောင်းသား ကျောင်းသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ကျောက်ဖြူမြို့ ရမ္မာဝတီခန်းမ၌ ပြည်သူများကို မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဆိုင်ရာ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးမှုသရုပ်ပြခြင်းကို သွားရောက် ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့ပေါ် ရပ်ကွက်များမှ ပြည်သူများက မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေစမ်းသပ်မဲပေးနေမှုကို လှည့်လည် ကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


