စစ်တွေ မတ် ၁၇
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့်အတူ မတ် ၁၆ ရက် ညနေပိုင်းက ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြည်နယ်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး စစ်တွေမြို့၊ ကန်တော်ကြီး သန့်ရှင်းသပ်ရပ်မှုနှင့်ကြံ့ခိုင်မှုကို ပြန်လည်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်မိုးက စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က “စည်ပင်သာယာရေးလုပ်ငန်းများသည် ပြည်သူများ၏ အခွန်အခများဖြင့် လုပ်ငန်းများဆောင်ရွက်နေခြင်းအပြင် ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် လုပ်ဆောင်နေသည့်လုပ်ငန်းများ ဖြစ်သည့်အတွက်ကြောင့် စနစ်တကျ လုပ်ဆောင်ကြရန်လိုကြောင်း၊ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများသည် ဒေသခံများ ဖြစ်ကြသည့်အတွက် မိမိဒေသ၊ မိမိရပ်ရွာအကျိုးကို ဆောင်ရွက်နေခြင်းဖြစ်သည်ဟုခံယူကာ စေတနာထားပြီး ဝန်ထမ်းများအချင်းချင်း စည်းစည်းလုံးလုံးဖြင့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြစေလိုကြောင်း” ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့၊ ကန်တော်ကြီး သန့်ရှင်းသပ်ရပ်မှုနှင့်ကြံ့ခိုင်မှုကို ပြန်လည်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ပညာရှင်များ၏ အကြံပြုချက်များ၊ ဆက်လက်လုပ်ဆောင်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် ဆက်စပ်ဌာနများနှင့် ပူးပေါင်းလုပ်ဆောင်ကြရန်နှင့် လိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
တင်ထွန်း(ပြန်/ဆက်)