စစ်တွေ ဇွန် ၂၄

 

ရခိုင်ပြည်နယ် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုဖွင့်လှစ်မည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစခန်းများမှ လူငယ်လူရွယ်များအား ရွေးချယ်၍ အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို သင်ကြားပေးမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနသည် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်မှု၊ ပံ့ပိုးကူညီမှုတို့ကို ဆောင်ရွက်ပေးနေသကဲ့သို့ ဒေသအတွင်း ကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်းပြောကြားသည်။

 

လှည့်လည်ကြည့်ရှု

ထို့နောက် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက သင်တန်း သုံး ကုန်ကြမ်းပစ္စည်းများကို ပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံရယူပြီး ပြည်နယ်ဝန်ကြီး ချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ယခုဖွင့်လှစ်မည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းတွင် ပြုလုပ်နည်းများကို သင်ကြားပေးသွား ဖြစ်ပြီး ယာယီနေရပ်စွန့်ခွာစခန်းများမှ သင်တန်းသား သင်တန်း သူ ၄၀ တက်ရောက် မည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)