စစ်တွေ မတ် ၅

 

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၃ ရက် နံနက်ပိုင်းက မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မာန်အောင်မြို့ ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင် စေတီတော်အား သွားရောက်ဖူးမြော်ကြပြီး ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ကြ၍ အလှူငွေများ ထည့်ဝင် လှူဒါန်းကာ မာန်အောင်မြို့၌ စစ်တွေမြို့ မဟာဇေယျ သိဒ္ဓိ အဓိဋ္ဌာန် ဆရာတော်ကြီး ဦးဆောင် တည်ထားလျက်ရှိသော ဉာဏ်တော် အမြင့် ၁၀၈ ပေရှိ ထိုင်တော်မူ လောကဦးသျှောင် ဘုရားကြီး တည်ဆောက်ရေးလုပ်ငန်းခွင်ကို သွားရောက် ကြည့်ရှုကြပြီး ဘုရားကြီး တည်ဆောက်ရန်အတွက် အလှူငွေများ ထည့်ဝင် လှူဒါန်းကြသည်။

 

ထို့နောက် မာန်အောင်မြို့ မြို့မကျောင်းကြီး ဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်၍ မြို့နယ် ဩဝါဒါစရိယ ဆရာတော်ကြီးများအား ဖူးမြော်ကာ သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ယင်းနောက် မာန်အောင်မြို့ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေဖြင့် ကျောင်းဆောင်သစ် ‌ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ပြည်သူ့ဆေးရုံ၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ဆေးရုံတက်ရောက်၍ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေကြသည့် လူနာများကို လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြားပြီး အာဟာရဖြည့်စွက်စာများ ပေးအပ် ကြသည်။

 

ဆက်လက်၍ မာန်အောင် မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ၂၄ နာရီ မီးရရှိနိုင်ရန်အတွက် ရခိုင် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် 100 KVA ဆိုလာမီးများ တပ်ဆင်ပေးထားမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးကာ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ် ရေးအဖွဲ့ရုံးအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြုပြင် ဆောင်ရွက်ထားရှိမှု၊ မာန်အောင်မြို့ ဆိပ်ခံတံတားအနီး သန့်ရှင်းသာယာ လှပရေးအတွက် ဆောင်ရွက်ထားရှိမှု၊ မြို့မစည်ပင်သာယာ ဈေးအတွင်း ဟင်းသီးဟင်းရွက် ဈေးတန်းနှင့် အသားဈေးတန်းကို အသစ်ပြန်လည် တည်ဆောက်နေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဈေးသူ ဈေးသားများ ဈေးရောင်းချနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)