စစ်တွေ ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရှင်မာကုကသီဒြယ်ရားကျောင်း၌ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော် (အင်္ဂလီကန်)၊ သာသနာပိုင်ချုပ်၊ စစ်တွေသာသနာပိုင်နှင့် ဘုန်းတော်ကြီးများအား တွေ့ဆုံသည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော် (အင်္ဂလီကန်)၊ စစ်တွေသာသနာပိုင်နယ်၏ နယ်စီးသာသနာပိုင်ကြီး Dr. ဂျိမ်းစ်မင်းဒိန်က ဆုတောင်းကောင်းချီးပေးကာ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က “ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ကြစေလိုကြောင်းနှင့် အမျိုးဘာသာ သာသနာအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြစေလို ကြောင်း” ပြောကြားပြီး တိုင်းမှူးက တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်ပြောကြားသည်။ ယင်းနောက် ရှင်မာကုကသီဒြယ်ရားကျောင်း ဘုန်းတော်ကြီးက အသင်းတော်၏ အခြေအနေအရပ်ရပ်ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ခရစ်ယာန်အသင်းတော်သို့ ငွေကျပ် ၁၀ သိန်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ငွေကျပ် ၅ သိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပေးအပ်လှူဒါန်းကြရာ စစ်တွေ သာသနာပိုင်နယ်၏ နယ်စီးသာသနာပိုင်ကြီးက လက်ခံရယူပြီး ကျေးဇူးတင် ဂုဏ်ပြုချီးမွမ်းစကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က တက်ရောက်လာကြသော ဘုန်းတော်ကြီးများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော် (အင်္ဂလီကန်)၊ သာသနာပိုင်ချုပ်၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော် (အင်္ဂလီကန်)၊ စစ်တွေသာသနာပိုင်နယ်၏ နယ်စီးသာသနာပိုင်ကြီးနှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ခရစ်ယာန် ဘုန်းတော် ကြီးများ၊ ချင်းပြည်နယ်ရှိ မြို့နယ်များမှ ခရစ်ယာန်ဘုန်းတော်ကြီးများ တက်ရောက်ခဲ့ကြသည်။
တင်ထွန်း(ပြန်/ဆက်)