ကျောက်ဖြူ ၃၀ ဒီဇင်ဘာ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့သည် ကျောက်ဖြူခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပါတီအသီးသီးမှ ပါတီဝင်များနှင့် ယနေ့နံနက် ၉ နာရီတွင် ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမ၌ တွေ့ဆုံသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်၊ လျှပ်စစ်၊ စစ်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အဖွင့်အမှာစကားပြောကြားရာတွင် တစ်နိုင်ငံလုံး လျှပ်စစ်ရရှိမှုသည် ငါးဆယ်ရာခိုင်နှုန်းအထိ ရှိရာတွင် ရခိုင်ပြည်နယ်သည် ၅၂ ဒသမ ၈ ရာနှုန်းအထိ ရရှိနေပြီဖြစ်ပါကြောင်း၊ လမ်းတံတား၊ လျှပ်စစ်မီး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအပါအဝင် အခြေခံအဆောက်အဦများကို ဆောင်ရွက်ထားရှိပြီး ဖြစ်ပါ ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် မဆောင်ရွက်နိုင်သော ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရသို့ တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ဒေသခံပြည်သူများက မိမိတို့ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကျောက်ဖြူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ၂၀၁၁ ခုနှစ်မှ ၂၀၁၅ နှစ်အထိ (၅)နှစ်တာအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် ၂၀၁၆ ခုနှစ်၊ ၂၀၁၉ ခုနှစ်အထိ (၃)နှစ်တာအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေ အနေကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အခမ်းအနားသို့တက်ရောက်လာကြသော မြိုမိ/မြို့ဖ ကိုယ်စားလှယ်များက မိမိတို့ဒေသကျေးရွာများအတွက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလိုအပ်မှု၊ မီးရရှိရေး၊ လမ်းရရှိရေးတို့ကို တင်ပြတောင်းခံခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ဒေသခံပြည်သူများ၏ တောင်းဆိုချက် မေးမြန်းချက်များ အသီးသီးကို ပြန်လည်ဖြေကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် က တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
ဖြိုးဝေလင်း(ပြန်/ဆက်)