စစ်တွေ မတ် ၃၁
ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က နှုတ်ခွန်းဆက် အမှာစကား ပြောကြား ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် အတူတကွလက်တွဲ၍ ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ အောင်မြင်စေရေးတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသခံပြည်သူများ စိုးရိမ်မှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး အကောင်းဆုံးကြိုးစား စီမံဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့၏ ခေါင်းဆောင်မှုအရည်အသွေးများနှင့်အညီ ပူးပေါင်းဆောင်ရွက်ပေး ခဲ့မှုအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် အဆိုပါအစည်းအဝေးခန်းမ၌ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးများက အမှာစကားပြောကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်၏ အမျိုးသားရေး မျှော်မှန်းချက်နှင့် နိုင်ငံရေးမျှော်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရားတည်ဆောက်ရေး၌ အဓိက ကျသော ဌာနတစ်ခုဖြစ်ကြောင်း၊ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်ရာတွင် ပြည်သူက ယုံကြည်အားထားရသည့် အုပ်ချုပ်ရေးယန္တရား ကောင်းဖြစ်စေရန်အတွက် နိုင်ငံတော်နှင့် လူမျိုးဂုဏ်သိက္ခာတို့ကို လေးစားတန်ဖိုးထားပြီး စံနမူနာပြ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်အောင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ဂုဏ်ပြုအမှတ်တရ လက်ဆောင်များ ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စက်မှုလယ်ယာ ဦးစီးဌာနသို့ သွားရောက်၍ လယ်ယာသုံးစက်ကိရိယာများ ရောက်ရှိနေမှု လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


