စစ်တွေ ဖေဖော်ဝါရီ ၂၀

 

ရွှေကရုဏာဖောင်ဒေးရှင်း (စစ်တွေ)သို့ အလှူငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ရွှေကရုဏာ ဖောင်ဒေးရှင်း(စစ်တွေ)မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ရွှေကရုဏာဖောင်ဒေးရှင်း (စစ်တွေ) ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ဖွင့်လှစ်ကာ ဆင်းရဲနွမ်းပါးသည့် လူနာများကို အခမဲ့ ဆေးဝါး ကုသပေးလျက်ရှိသည်ဟု သိရှိရပါကြောင်း၊ ယနေ့အထိ အထွေထွေရောဂါ လူနာ ၂၂၆၅၆၀၊ မျက်စိခွဲစိတ်လူနာ ၆၆၁၈ ဦးနှင့် ကျောက်ကပ်လူနာ ၂၅ ဦးတို့ကို ဆေးကုသမှု ပေးနိုင်ခဲ့ကြောင်း၊ စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများ၊ တပ်မတော်မှ ဆရာဝန်များနှင့် NGO အဖွဲ့ အစည်းများမှ ဆရာဝန်များက အလှည့်ကျ လာရောက်ကာ ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိကြောင်း၊ ရွှေကရုဏာ ဖောင်ဒေးရှင်း (စစ်တွေ)တွင် တစ်လလျှင် လူနာ ၁၀၀၀ ကျော်ခန့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်ဟု သိရကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် လိုအပ်သည့် နေရာများတွင် အကူအညီ အထောက်အပံ့ဖြစ်စေရန် ရွှေကရုဏာ ဖောင်ဒေးရှင်းထံ ယခုကဲ့သို့ အလှူငွေများထည့် ဝင်လှူဒါန်းခြင်း ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ရွှေကရုဏာ ဖောင်ဒေးရှင်း(စစ်တွေ) သို့ အလှူငွေများ ပေးအပ်ကြပြီး ရွှေကရုဏာ ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးသန်းရွှေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ အဆိုပါ အစည်းအဝေးခန်းမ၌ ကျင်းပသော လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဆက်လက် တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သောဌာနများမှ သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ (ငွေလုံးငွေရင်း) အသုံးစရိတ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက် ရှင်းလင်းဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)