ဂွ ၂၆ ဇန်နဝါရီ
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့်အတူ ရခိုင်ပြည်နယ် ဂွမြို့နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြရမည့် အခြေခံပညာ အထက်တန်းကျောင်းသား၊ ကျောင်သူများအား ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံအားပေးပြီး သင်ထောက်ကူနှင့် ကျောင်းသုံး ဆက်စပ်ပစ္စည်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၍ ဂွမြို့ အခြေခံပညာ အထက်တန်းကျောင်းသည် ပြည်နယ်တစ်ခုလုံး၌ အောင်ချက် အကောင်းဆုံး ပထမဆုကို နှစ်နှစ်ဆက်တိုက် ရရှိခဲ့သော အစဉ်အလာရှိသည့် ကျောင်းတစ်ကျောင်းဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့်လည်း အဲဒီအစဉ်အလာကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်သကဲ့သို့ ကျောင်းသား၊ ကျောင်းသူများကလည်း ဆရာ၊ ဆရာမများ ညွှန်ကြာမှုကို တစ်သရွေမတိမ်း လိုက်နာပြီး ကြိုးစားဖို့လိုကြောင်း၊ ပြည်နယ်အစိုးရအနေနဲ့ ခြောက်ဘာရ ကျောင်းသားတစ်ဦးကို ငွေကျပ်သိန်း ၂၀ ချီးမြှင့်ပေးလျက်ရှိကြောင်း၊ ငါးဘာသာ ဂုဏ်ထူးရှင်များကိုလည်း ငွေကျပ် ၁၅ သိန်းစီ ချီးမြှင့်ပေးလျက်ရှိခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လာမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကြိုးစားဖြေဆိုကြဖို့လိုကြောင်း မှာကြားသည်။
ဂွမြို့ အခြေခံပညာ အထက်တန်းကျောင်းသည် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်နှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တို့တွင် ရခိုင်ပြည်နယ်တစ်ခုလုံး၌ ပထမအဆင့် ဆွတ်ခူးရရှိခဲ့သော ကျောင်းတစ်ကျောင်းဖြစ်ပြီး ယခုနှစ်တွင်လည်း အောင်ချက်အကောင်းဆုံးဖြစ်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဂွမြို့နယ် ဆပ်သွား အခြေခံပညာ အထက်တန်းကျောင်းနှင့် သံတွဲခရိုင် ကျိန္တလီ အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ကာ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောပြီး လိုအပ်သော သင်ထောက်ကူနှင့် သင်ထောက်ကူပစ္စည်း များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွမြို့နယ်အတွင်းရှိ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ဒေသတွင်းလိုအပ်ချက်များကို မေးမြန်းကာ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်