စစ်တွေ ၂၄ အောက်တိုဘာ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် ဂွမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွမြို့၊ မြို့မရပ်ကွက်ရှိ သာသနာ့ဗိမာန်၌ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်က လျှောက်က်ထားပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာဌာနများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွမြို့နယ် ရဟိုင်ကွင်းကျေးရွာ သာသနဝိပုလာရာမကျောင်းတိုက်၌ ဆရာတော်သံဃာတော်များအား ဖူးမြော်ပြီး နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ ကျေးရွာပြည်သူများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်ကျေးရွာ မူလတန်းကျောင်း တိုးချဲ့ဆောက်လုပ်ရန် ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရဟိုင်းကွင်းကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ဘက်စုံစံပြမိုးစပါးစိုက်ခင်း အောင်မြင်နေမှုအား ကြည့်ရှုအားပေးပြီး ဂွ-သံတွဲကားလမ်းနှင့် ဆက်သွယ်ဖောက်လုပ်လျက်ရှိသည့် ကျောက်ကုန်းကျေးရွာ ရွာအဝင်လမ်းအား ကြည့်ရှုစစ်ဆေးကာ လမ်းကြံ့ခိုင်ကောင်းမွန်ရေးအတွက် ကွန်ကရစ်ရေနုတ်မြောင်း (Box Culvert)အသစ် ပြန်လည်တပ်ဆင်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရဟိုင်ကွင်းကျေးရွာ၊ ရဟိုင်ကူးတိုလမ်းအား စစ်ဆေးပြီး တံတားများ ပြုပြင်ရန်လိုအပ်ချက်များကို တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရဟိုင်ကွင်းကျေးရွာ(SMU) လောကဟိတဘက်စုံသုံးခန်းမ၌ အသင်းသား၊ အသင်းသူများနှင့် တွေ့ဆုံခဲ့ပြီး စည်ပင်ကျေးရွာတွင် အစိုးရစက်မှုလက်မှု အထက်တန်းကျောင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ညောင်ချောင်းကျေးရွာ၊ ဓမ္မရက္ခိတကျောင်း၌ ဆရာတော် သံဃာတော်များထံမှ ဩဝါဒခံယူပြီး လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဓမ္မရက္ခိတကျောင်းရှိ အောင်စင်္ကြာစေတီတော် မုဒ်ဦးပြုလုပ်ရန်အတွက် ငွေကျပ်သိန်း ၄၀၊ ညောင်ချောင်းကျေးရွာ နာရေးကူညီမှုအသင်း ရန်ပုံငွေအတွက် ငွေကျပ် ၁၅ သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


