ဂွ ၁၃ ဒီဇင်ဘာ

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ဂွမြို့နယ် ကွင်းလျားရှည်ကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ကွင်းလျားရှည်ရေလှောင်တမံ တည်ဆောက်နေမှုအခြေအနေကို ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ရေလှောင်တမံတည်ဆောက်သည့် နေရာ၌ ပြည်နယ်ဝန်ကြီးချုပ်အား တည်ဆောက်ရေး တာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဒေသခံများ၏ အကြံပြုချက်များအပေါ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

mdn

 

အဆိုပါရေလှောင်တမံသည် ဂွမြို့ ကွင်းလျားရှည်ကျေးရွာအနီးတည်ရှိပြီး မြေသားရေလှောင်တမံ အမျိုးအစားဖြစ်သည့် တမံအလျား ၂၃၅ ပေ၊ တမံထိပ် အကျယ် ပေ ၂၀၊ တမံအမြင့် ပေ ၅၀ ရှိပြီး ငွေကျပ်သန်း ၅၅၀ ခန့် ကုန်ကျမည်ဖြစ်ကာ သံတွဲမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

mdn

 

ရေလှောင်တမံတည်ဆောက်မည့်ဒေသတွင် နှစ်စဉ်မိုးရေချိန်လက်မ ၂၀ဝ ခန့် ရွာသွန်းသောကြောင့် နှစ်စဉ် ပျမ်းမျှရေဂါလန် ၅၇၅ သန်းခန့် စီးဝင်မည်ဖြစ်ပြီး ကွင်းလျားရှည်ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာတို့မှ ဒေသခံများအတွက် သောက်သုံးရေ ဖူလုံစွာရရှိမည်ဖြစ်ကြောင်း သိရသည်။

 

မော်စီ၊ ကိုမင်း