ဂွ ၂၃ မတ်
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုသည် ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံ၊ ဦးဝင်းမြင့်နှင့် ဒေါက်တာချမ်းသာ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဂွမြို့နယ် ဒိုးတန်းကျေးရွာ၊ ကြွချေိုင်ကျေးရွာ၊ ကူးတို့ကျေးရွာများသို့ သွားရောက်၍ ကျေးရွာပြည်သူများနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲများတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ယခုကဲ့သို့ ဒေသခံပြည်သူများနှင့် လာရောက်တွေ့ဆုံခြင်းမှာ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက် ဖြစ်ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဖက်ဖက်တွင် ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ များစွာရှိနိုင်ပါကြောင်း၊ ထိုလိုအပ်ချက်များတွင် လတ်တလော ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများ၊ ရေရှည် ဖြည့်ဆည်း ဆောင်ရွက်သွားရမည့် လုပ်ငန်းများနှင့် ဦးစားပေးအလိုက်ဖြည့်ဆည်း ဆောင်ရွက်ပေးရမည် လုပ်ငန်းများရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရအနေဖြင့် စီမံကိန်းများရေးဆွဲ၍ ကဏ္ဍအလိုက် ဆောင်ရွက်ပေးမှုများ ရှိပါကြောင်း၊ လိုအပ်ချက်အားလုံးကို တစ်ကြိမ်တည်းတစ်ပြိုင်တည်း ဆောင်ရွက်ရန် မဖြစ်နိုင်သည့်အတွက် ဦးစားပေးအလိုက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်ဆိုလျှင် ဦးစွာဆောင်ရွက်ရမည့်ကိစ္စမှာ လမ်း၊ တံတား၊ လျှပ်စစ်မီး စသည့် အခြေခံအဆောက်အဦများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အခြေခံအဆောက်အဦများကို ဦးစားပေးလုပ်ဆောင်လျက်ရှိပါကြောင်း၊ မိမိဒေသတွင် လတ်တလောလိုအပ်ချက်များနှင့် ရေရှည်လိုအပ်ချက်များကို မှန်ကန်ထိရောက်ပွင့်လင်း စွာဆွေးနွေးပေးစေလိုပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးချက်များကို ညှိနှိုင်းဖြည့်ဆည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ လယ်ယာစိုက်ပျိုးရေး၊ မြေယာ၊ ဆည်တမံ ပြုပြင်ထိန်းသိမ်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တင်ပြချက်များနှင့်ပတ်သက်၍ ဖြည့်ဆည်းပေးနိုင်သည့် တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ရေရှည်ဆောင်ရွက်ပေးသွားရမည့် ကိစ္စရပ်များကို မှတ်သားပြီး အလေးထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားကြသည်။
တွေ့ဆုံစဉ် ဝန်ကြီးချုပ် ဦးညီပုက ရေစမ်းကွင်း- ကျိန္တလီ ကားလမ်းပေါ်ရှိ ယာယီတံတား သုံးစင်းတည်ဆောက်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ် (၁၅)သိန်းနှင့် ကြွချေိုင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအတွက် ကွန်ပျူတာနှင့် ပရင်တာတစ်စုံအတွက် ငွေကျပ် (၈)သိန်းတို့ကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းသည်။
မျိုးသူထွန်း


