စစ်တွေ ၃ သြဂုတ်
ပညာရည်မြင့်မားရေးနှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးဆွေးနွေးပွဲကို ယမန်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်အစိုးရနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကို အထူးဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် ဦးစားပေးကဏ္ဍတွင် ပညာရေး၊ ကျန်းမားရေး၊ အထူးသဖြင့် ပညာရေးကဏ္ဍကို အထူးဦးစားပေး ကဏ္ဍအဖြစ် မိမိတို့အစိုးရတာဝန်ယူကတည်းက ဆောင်ရွက်ရန်အဓိက ဆုံးဖြတ်ချက်ချပြီး လုပ်ဆောင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ပညာရေးကို ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေးအတွက် မည်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်လျှင် အောင်ချက်မြင့်မားမည်၊ ပညာရည်မြင့်မားမည်ကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ်မှ ဆရာမများ၊ ပညာရှင်များ၊ ဆရာကြီးများ၊ ဆရာမကြီးများနှင့် ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ ပြုလုပ်ပြီး စီမံချက်များရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုများကြောင့် ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်မြင့်မားလာကာ အောင်မြင်မှုများ ရရှိလာပါကြောင်း၊ ယခုလိုအောင်မြင်မှုများ ရရှိလာခြင်းသည်လည်း အားလုံးသော ပုဂ္ဂိုလ်များက ကျရာတာဝန်၊ အခန်းကဏ္ဍက ထမ်းဆောင်ခဲ့ကြသည့်အတွက် စေတနာ အပြည့်အဝဖြင့် ဆောင်ရွက်ခဲ့ကြသောကြောင့် အောင်မြင်မှုရရှိလာသည် ဟုခံယူပါကြောင်း၊ ယခုနှစ်တွင်လည်း ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများကို ကျယ်ကျယ်ပြန့်ပြန့်ကျင်းပပြီး စီမံချက်များ ရေးဆွဲကာ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုဆွေးနွေးပွဲတွင်ယခင်က အခြေအနေများ၊ လက်ရှိအနေအထားနှင့် နောက်လုပ်ဆောင်မည့် အနေအထားများကိုတင်ပြကြပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေး၊ ဝေဖန်၊ ထောက်ပြ၊ အကြံပြုကြမည်ဆိုလျှင် ယနေ့ဆွေးနွေးပွဲသည် ကောင်းမွန်သည့် ဆွေးနွေးပွဲ၊ အနှစ်သာရရှိသော၊ အဓိပ္ပါယ်ရှိသော ဆွေးနွေးပွဲတစ်ရပ်ဖြစ်မည် ဖြစ်ပါကြောင်း နှင့် ပြည်နယ်၏အနာဂတ်ဖြစ်သော ပညာရည်မြင့်မားရေးအတွက်အားသာချက်၊ အားနည်းချက်များကို ဆရာ၊ ဆရာမများအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပညာရေးဆိုင်ရာ အချက်အလက်များအား တင်ပြပြီး ကျောက်ဖြူခရိုင်ပညာရေးမှူး၊ ကျောက်ဖြူမြို့နယ်ပညာရေးမှူး၊ ရမ်းဗြဲမြို့နယ်ပညာရေးမှူး၊ မာန်အောင်မြို့နယ်ပညာရေးမှူးနှင့် အမ်းမြို့နယ်ပညာရေးမှူးတို့က ခရိုင်နှင့်မြို့နယ်အလိုက် ပညာရည်မြင့်မားရေးနှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေနှင့် ကဏ္ဍအလိုက် လိုအပ်ချက်များကို တင်ပြဆွေးနွေး အကြံပြုကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပြန်လည် ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသော ဆရာကြီး၊ ဆရာမကြီးများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ရခိုင်ပြည်နယ်၏ ပညာရည်မြင့်မားရေးအတွက် ပြည်နယ်အစိုးအဖွဲ့၏ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေး မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိ၊ မြို့ဖများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - တင်မောင်လွင်၊ တင်ထွန်း
ဓာတ်ပုံ- ကံထွန်း


