ကျိန္တလီ ၂၃ မတ်

ကျိန္တလီမြို့တွင် နိုင်ငံတော်ဓာတ်အားလိုင်းမှ (၂၄) နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျိန္တလီမြို့ ဘောလုံးကွင်း၌ ကျင်းပသည်။

 

mdn

 

အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးညီပုက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ အခမ်းအနားသည် မိမိတို့ မျှော်လင့်ခဲ့ကြသည့် မျှော်လင့်ချက်များ ပြည့်ဝစေသည့် အခမ်းအနားဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုဖွံ့ဖြိုး တိုးတက်ရန် အခြေခံအဆောက်အဦများ၊ အခြေခံလိုအပ်ချက်များကို ဦးစားပေးဆောင်ရွက်ရမည်ဟု မှာကြားပါကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း အခြေခံအဆောက်အဦများဖြစ်သည့် လမ်း၊ တံတား၊ လျှပ်စစ်မီး၊ ရေ စသည့်ကဏ္ဍများကို ဦးစားပေး ဆောက်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် ယနေ့အချိန်တွင် သိသာထင်သာသည့် တိုးတက်မှု အခြေအနေများကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ယခုထက်ပိုမိုကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

mdn

 

လျှပ်စစ်မီးအနေဖြင့်လည်း တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် မြို့အသီးသီးတွင် ရရှိနေပြီဖြစ်ပါကြောင်း၊ မြို့သူမြို့သားများအနေဖြင့် လျှပ်စစ်မီးရရှိသည့်အတွက် ပျော်ရွှင်နေကြသည်ကို တွေ့ရှိရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ ယခုရရှိသည့် လျှပ်စစ်မီးကို အကျိုးရှိရှိအသုံးချသွားမည်ဆိုပါက ကောင်းမွန်သောတိုးတက်မှုများ ရရှိမည်ဟုယုံကြည်ပါကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း ပြည်သူများကို လျှပ်စစ်မီး အန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးမှုများ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးခဲ့ကြသည့် နိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနများနှင့် ဝိုင်းဝန်းဆောင်ရွက်ကြသူများ အားလုံးကို ရခိုင်ပြည်နယ်ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံက ကျိန္တလီမြို့တွင် နိုင်ငံတော်ဓာတ် အားလိုင်းမှ (၂၄)နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းနှင့် ရပ်မိရပ်ဖတစ်ဦးတို့က ကျေးဇူးတင်စကား ပြောကြားကြသည်။

ဆက်လက်၍ ကျိန္တလီမြို့တွင် (၂၄)နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းဖွင့်ပွဲ အခမ်းအနားကို ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

mdn

 

ထို့နောက် ဝန်ကြီးချုပ် ဦးညီပုက ကျိန္တလီမြို့တွင် (၂၄)နာရီ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးနိုင်ခြင်း အထိမ်းအမှတ်အဖြစ် လျှပ်စစ်မီးခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ကျိန္တလီမြို့တွင် (၂၄)နာရီ လျှပ်စစ်မီးရရှိရေးအတွက် ဂွဓာတ်အားခွဲရုံမှ ၁၁ ကေဗွီ ဂွ-ကျိန္တလီ ဓာတ်အားလိုင်း (၄၃ ဒသမ ၃၄)မိုင် တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၉ ခုနှစ် မတ်လတွင် တည်ဆောက်ပြီးစီးခဲ့ပြီး ကျိန္တလီမြို့ပေါ်ရှိ အိမ်ထောင်စု (၁၃၀၃)စုနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ အိမ်ထောင်စု (၁၅၉၄)စုကို (၂၄) နာရီလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

မျိုးသူထွန်း